နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး

RFA Burmese
2024.06.19
နောင်ချိုနဲ့ မိုးကုတ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သုံးဦးသေဆုံး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့က လေကြောင်းနှင့်ဗုံးကြဲတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ် တောင်နီကျေးရွာရှိ နေအိမ်အဆောက်အအုံတချို့ ပျက်စီးခဲ့သည်ကို တွေ့ရစဥ်။
PSLF/TNLA News

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ စစ်ကောင်စီတပ်က ဒရုန်းအပါအဝင် တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သား နှစ်ဦးနဲ့ အရပ်သားတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။

"ဒီနေ့ (ဇွန်လ ၁၉ ရက်) နေလယ်က စစ်ကောင်စီက ကျွန်မတို့တပ်ရှိရာ နောင်ချိုဘက်မှာ ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ခဲ့တယ်၊ နှစ်ကြိမ်လာတိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ အဲလိုဗုံးကြဲတာကြောင့် ကျွန်မတို့ရဲဘော်နှစ်ဦး အသက်ပေးလှူသွားရတယ်၊ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာဖြစ်တယ်၊ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျွန်မတို့ စာရင်းပြုစုထားတာရှိတယ်"

ဇွန်လ ၁၉ ရက်နေ့မှာပဲ မိုးကုတ်မြို့နယ် တောင်နီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အသက်ဆယ်နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန်လ ၁၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ် ဆမ္မဆယ်ရွာအနီးက TNLA တပ်စခန်းကို စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် TNLA တပ်သား တစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်နေပြီး TNLA တပ်စခန်းတွေကို နေ့စဉ် ဒရုန်းအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေသလို TNLA ထိန်းချုပ်ရာမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေကို ဖြတ်တောက်တာ၊ ကုန်စည်စီးဆင်းမှုတွေကို ကန့်သတ်ပိတ်ပင်တာတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။