ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ် စည်းရုံးနိုင်ကြောင်း TNLA ပြော


2015.09.05
tnla-620 ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ လုံခြုံရေးယူနေတဲ့ တပ်ဖွဲ့ဝင်တချို့ကိုတွေရစဉ်
Photo: RFA

ရွေးကောက်ပွဲကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းက TNLA တအာင်းပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်အဖွဲ့ ထိန်းချုပ်နယ်မြေတွေမှာ နိုင်ငံရေးပါတီတွေအားလုံး လွတ်လပ်စွာ မဲဆွယ်စည်းရုံးနိုင်ကြောင်း TNLA အဖွဲ့က ပြောပါတယ်။

TNLA က ၂ဝ၁၅ ရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ မဲပေးခွင့်ရရှိဖို့ လိုလားပြီး နိုင်ငံရေးပါတီတွေ ကိုလည်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးလို့ရအောင် လှုပ်ရှားခွင့်ပြုထားကြောင်း TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ နမ့်ဆန်၊ မန်တုံမြို့နယ်တွေအပြင် နမ္မတူ၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မဘိမ်း စတဲ့မြို့နယ်တွေမှာလည်း TNLA အဖွဲ့က အဓိက လှုပ်ရှားနေကြတာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီပေါင်း ၁၆ ခုရှိပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ နယ်မြေတည်ငြိမ်မှု မရှိတဲ့ဒေသတွေမှာ မဲရုံလုံခြုံရေးအထူးရဲတွေ ထားရှိမယ့်အပြင် လိုအပ်ရင် စစ်တပ်အင်အားကိုပါ အသုံးပြုသွားမယ်လို့လည်း ပြောပါတယ်။

ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် သတင်းပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော်ကို RFA သတင်းထောက် မဇာဏီထွဏ်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။