ကွတ်ခိုင်နယ်မှာ တပ်မတော်နဲ့ တအာင်းအဖွဲ့ တိုက်ပွဲဖြစ်ပွား
2019.10.25
ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ်တောင်ခြေက မန်နောင်ကျေးရွာတဝိုက် တပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ ဒီနေ့မနက် တိုက်ပွဲဖြစ်ပွားနေပြီး မူဆယ်-လားရှိုးအဝေးပြေးလမ်းမှာ သုံးနာရီကျော်လောက် သွားလာမှုတွေ ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။
မူဆယ်ကနေ ဆင်းလာတဲ့ကားတွေ ကွတ်ခိုင်မှာ ခေတ္တနားနေရသလို လားရှိုးကနေ မူဆယ်ဘက်ကို တက်လာတဲ့ ကားတွေလည်း သိန္နီနဲ့ မန်ပြိန်းရွာတွေမှာ ခေတ္တစောင့်ဆိုင်းခဲ့ရပါတယ်။ ကွတ်ခိုင် ဒေသခံဒေါ်ခမ်းမတ်ကတော့ လက်ရှိမှာ စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်နေတယ်လ့ို RFA ကို ပြောပါတယ်။ မနက် ရှစ်နာရီကျော်ကနေ လမ်းတွေခေတ္တပိတ်ခဲ့တာဖြစ်ပြီး နေ့လယ် ဆယ့်တစ်နာရီထိုးကာနီးမှာ လမ်းပြန်ပွင့်သွားခဲ့တယ်လို့ ကွတ်ခိုင်ဒေသ ခံက ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက
"ကွတ်ခိုင်မှာတော့ ဒီနေ့မနက် ၉ နာရီကနေ ၉ နာရီ ၅ မိနစ်အထိ ကွတ်ခိုင်မြို့ရဲ့တောင်ဘက် မီတာ ၅၀၀၀ လောက်မှာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာပေါ့ ကာလိုင်ရွာကို သွားတဲ့လမ်းခွဲပေါ့၊ လွိုင်ဆမ်စစ်တောင်ခြေမှာ TNLA အယောက် ၂၀ လောက် ဆက်ကြေးကောက်ခံနေတယ်ဆိုပြီး ခရီးသွားပြည် သူတွေက သတင်းပေးပို့လာတာရှိတယ်၊ အဲဒါနဲ့ပတ်သက်ပြီး ကွတ်ခိုင်မြို့မှာရှိတဲ့ လုံခြုံရေစစ်ကြောင်းက ထွက်ပြီးတော့ နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့တာရှိတယ်၊ အဲမှာ ကျွန်တော်တို့ ၉ နာရီကနေ ၉ နာရီ ၅ မိနစ်လောက်အထိ တိုက်ပွဲဖြစ်ပွားတာရှိတယ်၊ TNLA ဘက်က ပြန်လည်ပြီးတော့ ဆုတ်ခွာသွားတယ်၊ အဲမှာတော့ ကျွန်တော်တို့ ထိခိုက်ဒဏ်ရာရရှိမှုတော့ မရှိဘူး၊ TNLA အနေနဲ့ ကတော့ ကျွန်တော်တို့ ဒီပြည်ထောင်စုလမ်းမကြီးပေါ်မှာ လစ်ရင် လစ်သလို တက်ပြီးတော့ ဆက်ကြေးကောက်တာတို့ ခြိမ်းခြောက် တာတို့ ဒါတွေကိုတော့ လုပ်ဆောင်နေဆဲဖြစ်တယ်၊ နယ်မြေစိုး မိုးရေးတော့ ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်ခင်ဗျ"
TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ လက်ရှိမှာ ကွတ်ခိုင်အထွက် တောင်သုံးဆယ်ဘက်မှာ သူတို့ တပ်ဖွဲ့တွေနဲ့ တပ်မတော်တို့စစ်ရေးတင်းမာနေပြီး တပ်မတော်ဘက်က လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်နေကြောင်း တပ်မတော်ဘက်က သူတို့ရှိတဲ့ဘက်ကို ထပ်ပြီးတက်လာရင် တိုက်ပွဲဖြစ်လာနိုင်လို့ ခရီးသွားကားတွေ သတိနဲ့ သွားလာကြဖို့၊ ပစ်ခတ်မှုဖြစ်ချိန်မှာ မသွားကြဖို့ ပြောပါတယ်။
တပ်မတော်နဲ့ TNLA တပ်ဖွဲ့ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မနေ့ကတည်းက နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။ မနေ့ကမနက်ပိုင်းမှာ နမ့်ခမ်းမြို့နယ် နမ့်ဟွမ်ရွာနားမှာ တစ်ကြိမ် ကွတ်ခိုင်မြို့နယ် ပန်လုံနဲ့ တာထီးရွာနားမှာ တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ညနေပိုင်းမှာတော့ ကွတ်ခိုင်မြို့နယ် နမ့်ဟွေရွာအနီး သူတို့တပ်ရင်း ၇၇၇ ရှိတဲ့နေရာမှာ တိုက်ပွဲတွေရှိခဲ့ပြီး ဒီမနက်မှာလည်း အဲဒီနေရာတွေမှာ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။