တပ်နဲ့ TNLA ရဲ့ ကျောက်မဲတိုက်ပွဲမှာ အမျိုးသမီး နှစ်ဦး သေဆုံး
2020.01.30

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်ဖြူလေးကျေးရွာနဲ့ ညောင်မောင်းကျေးရွာနားမှာ တပ်မတော်နဲ့ TNLA အဖွဲ့တို့ ဇန်နဝါရီလ ၂၈ နေ့ကတိုက်ပွဲဖြစ်ပွားခဲ့ရာ ညောင်ဖောင်းကျေးရွာအတွင်း လက်နက်ကြီးကျခဲ့တာကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။
ကျောက်မဲမြို့ SNLD ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ် စိုင်းထွန်းဝင်းကတော့ နှစ်ဖက်တိုက်ပွဲ ကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးတာ မှန်ကန်ကြောင်းနဲ့ ကျောက်မဲနဲ့ မိုင်ငါးဆယ်လောက်ဝေးတဲ့နေရာဖြစ်လို့ ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ပြောပါတယ်။
ကျောက်ဖြူလေးနဲ့ ညောင်မောင်းရွာအနီးမှာ တိုက်ပွဲနှစ်နေရာဖြစ်ခဲ့ပြီး ညောင်မောင်းရွာအနီးတိုက်ပွဲမှာ တပ်မတော်က ကျေးရွာအတွင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် ညောင်မောင်းရွာက ဒေါ်ခင်စိန် အိမ်ပေါ်ကို လက်နက်ကြီးကျခဲ့ပြီး ဒေါ်ခင်စိန်နဲ့ သမီးဖြစ်သူ မနန်းခမ်းအောင်တို့ နှစ်ဦး သေဆုံးတယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်း အိုက်ကျော် ကပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်တာမှန်ကြောင်းနဲ့ တိုက်ပွဲဖြစ်နေချိန်မှာ နှစ်ဖက်စလုံးက ပစ်ခတ်တာဖြစ် နိုင်ပြီး တပ်မတော်က ပစ်တယ်ဆိုတာချည်းတော့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
ဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်ကလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သလို့ TNLA ဘက်ကလည်း ထိခိုက်ဒဏ်ရာရ သွားတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။
တော့ဆန်နဲ့ ညောင်မောင်းကျေးရွာတွေဟာ တပ်မတော်နဲ့ TNLA ကြားမှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပြီး အရပ်သားထိခိုက်သေဆုံးတာတွေလည်းရှိတယ်လို့ ဒေသခံတွေ ကပြောပါတယ်။
တိုက်ပွဲဟာ မူလကကျေးရွာအပြင်ဘက်မှာဖြစ်တာဖြစ်ပြီး နောက်ပိုင်းမှာကျေးရွာအထိရောက်လာကြောင်း လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံးခဲ့သလို နွားတစ်ကောင်လည်း သေဆုံးခဲ့ကြောင်း ဘုန်းကြီးကျောင်းနဲ့ နေအိမ်အချို့ လက်နက်ကြီးထိလို့ ပျက်စီးတာရှိတယ်လို့ ညောင်မောင်းကျေးရွာ ဆရာတော်က မိန့်ပါတယ်။
အဲဒီနေ့မှာပဲ ကျောက်မဲမြို့နယ်နဲ့ နမ့်ဆန်မြို့နယ်အစပ် ကျောက်ဖြူလေးရွာအနီးမှာ အမျိုးသားတစ်ဦး မိုင်းနင်း မိလို့ ခြေထောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျောက်မဲဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ပန်မုံ ဆရာတော် က RFA ကိုမိန့်ပါတယ်။
အခုဒီဖြစ်စဉ်နဲ့ဆိုရင် ကျောက်မဲနဲ့နမ့်ဆန်ကြားကကျေးရွာတွေမှာ ဇန်နဝါရီလတစ်လအတွင်းမှာပဲ မိုင်းကြောင့် ထိခိုက်မှုခြောက်ခုရှိခဲ့ပြီး အရပ်သားဆယ်ဦး ထိခိုက်ခဲ့ပြီဖြစ်ပါတယ်။