တပ်မတော်နဲ့ TNLA ကြား တိုက်ပွဲ ဆက်တိုက်ဖြစ်နေ


2017.06.03
tnla-620.jpg TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တပ်တွေ နေ့တိုင်း နီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ TNLA က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတစ်လလုံးနီးပါးနဲ့ မနေ့ကအထိ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေမှာရှိနေဆဲဖြစ်တယ်လို့ TNLA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"နေရာဒေသတော်တော်များများမှာ မြန်မာ့တပ်မတော်က ထိုးစစ်တွေပြုလုပ်တယ်၊ တိုက်ပွဲဖြစ် ဖို့ တော်တော်လေး နီးနီးကပ်ကပ် အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တဲ့ အနေအထားမှာရှိတယ် ၊ ဖြစ်တာက နေ့တိုင်းလိုလိုဖြစ်တယ်၊ တော်တော်ကြာပြီ မေလထဲက ၁ ရက်နေ့နဲ့ ၂ ရက်နေ့က ကွတ်ခိုင်မြို့နယ် ဒေသတွေမှာ ဖြစ်တယ်"

နမ့်ဆမ်၊ ကျောက်မဲ၊ နမ္မတူ၊ မန်တုံ၊ နမ်ခမ့်၊ ကွတ်ခိုင်၊ မူဆယ်မြို့နယ်တွေမှာ စစ်ရေးတင်းမာမှုတွေ ရှိနေတာဖြစ် ပြီး ဒေသခံတွေတချို့ ထွက်ပြေးတိမ်းရှောင်တာတွေရှိပေမယ့် တောင်ယာစိုက်ပျိုးတဲ့ ကာလဖြစ်တာကြောင့် တချို့ကလည်း ကျေးရွာတွေထဲမှာပဲ ရှိနေကြတယ်လို့ ပြောပါတယ်။

ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ မေလထဲက နမ္မတူမြို့ကို စစ်ဘေးဒုက္ခသည်တွေ ရောက်ရှိနေပြီး နမ္မတူမြို့ပေါ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ဒုက္ခသည် ၆ဝဝ ကျော် ခိုလှုံနေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကို မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစု ၇ ဖွဲ့ဝင်အနေနဲ့ TNLA အဖွဲ့ပါ တက်ရောက်ခဲ့ပြီး ဖွင့်ပွဲရက်အပြီးမှာ ငြိမ်းချမ်းရေးကော် မရှင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့နဲ့ တစ်ဖွဲ့ချင်း သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။