တပ်က အရာရှိတစ်ဦးကို TNLA ဖမ်းဆီး၊ တပ်ကလည်း ရွာသားတချို့ကို ခေါ်ယူစစ်ဆေး
2018.11.21

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မန်ပန်ကျေးရွာနဲ့ နမ့်ဟူးကျေးရွာ အနီးမှာ တအာင်းပလောင်အဖွဲ့ TNLA စစ်ကြောင်း က ကားလမ်းပေါ်မှာ တွေ့ရတဲ့ ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရာမှာ ကွတ်ခိုင်အခြေစိုက် စစ်ဗျူဟာ ခလရ (၄၅) က ဗိုလ်ကြီး အဆင့်ရှိသူ တစ်ဦးကို လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးခဲ့တဲ့ ဗိုလ်ကြီး ချမ်းမြေ့ထွန်းကို တောတွင်းတစ်နေရာမှာ ထိန်းသိမ်းထားပြီး TNLA အဖွဲ့က ပြဌာန်းထားတဲ့ဥပဒေအတိုင်း ဆက်လက်အရေးယူမယ်လို့ TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ဒီနေ့ ပြောပါတယ်။
တစ်ဆက်တည်းမှာပဲ ကွတ်ခိုင်မြို့နယ် ပန်ကူကျေးရွာ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ အမျိုးသမီးနှစ်ဦး၊ ကလေး ငယ်နှစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ကွတ်ခိုင် အခြေစိုက်ဗျူဟာ ခလရ ၄၅ နဲ့ တပ်မ ၉၉ ပူးပေါင်းစစ်ကြောင်းက နိုဝင်ဘာလ ၂၀ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ စခန်းတာဝန်ခံက RFA ကို ပြောပါတယ်။
အဲဒီလို ခေါ်ဆောင်သွားတဲ့သူတွေထဲမှာ မီးဖွားပြီးစ ရှစ်ရက်သာရှိသေးတဲ့ အမျိုးသမီးနဲ့ မီးဖွားပြီးကာစ ကလေးငယ် အပါအဝင် နောက်ထပ်ကလေးငယ်တစ်ဦး၊ အိမ်နီးချင်း အမျိုးသမီးတစ်ဦးနဲ့ နားဟွယ်ရွာကနေ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသား တစ်ဦး စုစုပေါင်းငါးဦးဖြစ်ပြီး ကွတ်ခိုင်အခြေစိုက် ဗျူဟာဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း တပ်မ ၉၉ က တပ်သား အယောက်ငါးဆယ်ခန့် ရွာကိုလာရောက်စစ်ဆေးတာတွေရှိခဲ့ပြီး ရွာသားတွေကို ဘယ်လိုအကြောင်းကြောင့် ခေါ်ဆောင်သလဲဆိုတာကိုတော့ ရှင်းပြမသွားဘူးလို့ စခန်းတာဝန်ခံ ဦးသိန်းအောင်က ပြောပါတယ်။
ဒါ့အပြင် ဟိုနောင်ကျေးရွာအုပ်စု မန်ဆာကျေးရွာ ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ တာအိုက်ဌေး၊ ဖယိုင် ကျေးရွာက အုပ်စုအုပ်ချုပ်ရေးမှူး မိုင်းအိုက်လင်း စတဲ့ သူတွေကိုလည်း ကွတ်ခိုင် စစ်ဗျူဟာကုန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ဒေသခံက RFA ကို ပြောပါတယ်။
တပ်မတော်က ရွာသားတွေကို ဘာကြောင့်ခေါ်ယူစစ်ဆေးတယ်ဆိုကိုတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့လိုက်တာပါ။