ဖမ်းထားတဲ့ အမျိုးသမီးတစ်ဦးကို ပြန်လွှတ်မယ်လို့ TNLA ပြော
2018.08.25
TNLA တအာင်းလွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်က နန်းမိုဟွမ် ဆိုတဲ့ အမျိုးသမီးကို မကြာခင် ပြန်လွှတ်ပေးမယ်လို့ TNLA က ပြောလိုက်ပါတယ်။
မနေ့က TNLA နဲ့ SSPP က ခေါင်းဆောင်တွေ တအာင်းပလောင်နယ်မြေမှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ TNLA ဖက်က အခုလို ကတိပေးခဲ့တာလို့ SSPP က ဗိုလ်မှူး သန်းအောင် က ပြောပါတယ်။
"မနေ့က တွေ့ဆုံခဲ့တာကတော့ အခြေအနေတော့ ကောင်းပါတယ်၊ သူတို့လည်း ဖမ်းထားတယ်လို့ ဝန်ခံ ပါတယ်၊ အတတ်နိုင်ဆုံးတော့ ဒီရက်ပိုင်းမှာ ဆုံးဖြတ်ချက်ချပြီးတော့ ပြန်လွှတ်ပေးမယ်လို့ ကတိဝန်ခံထားပါတယ်၊ သူတို့ဖမ်းထားတဲ့အကြောင်းကတော့ လောလောဆယ် မီဒီယာ မှာပြောလို့မကောင်းလို့လေ"
နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးဟာ သူတို့ဒေသ ဥပဒေတစ်ခုကို ချိုးဖောက်လို့ အခုလို ဖမ်းဆီးထားတာဖြစ်ကြောင်းနဲ့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။ သူ့ကို ဘယ်လိုပြစ်မှုနဲ့ ကျူးလွန်ခဲ့လို့ အခုလို ဖမ်းဆီးခံထားရတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိခဲ့ပါဘူး။
မနေ့က သွားရောက်တွေ့ဆုံခဲ့ရာမှာ တအာင်းဒေသမှာ တွေ့ဆုံတာလို့သာပြောပြီး နေရာအတိအကျကိုတော့ မပြောခဲ့ပါဘူး။
TNLA ဖက်က ဗိုလ်မှူးကြီး တာအိုက်မောင်း၊ မဟာမိတ်ရေးရာဆက်ဆံရေး အတွင်းရေးမှူး ၂ တာပန်လ တို့ ဖြစ်ကြပြီး SSPP ဖက်ကတော့ ဗိုလ်မှူးကြီး နောင်လိတ်၊ ဗိုလ်မှူး သန်းအောင်တို့ တွေ့ဆုံခဲ့ကြတာလို့ သိရပါတယ်။
နန်းမိုဟွမ်ဟာ ဒီကနေ့ဆိုရင် ဖမ်းဆီးခံထားရတာ ၈ ရက်မြောက်ရှိပြီဖြစ်ပြီး နမ့်ခမ်းမြို့မှာ ကုန်စုံဆိုင် ဈေးရောင်းသူတစ်ဦးဖြစ်ပါတယ်။