တစ်နှစ်အတွင်း အမှုပေါင်း ထောင့်နှစ်ရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း PSLF ထုတ်ပြန်

RFA Burmese
2025.01.28
တစ်နှစ်အတွင်း အမှုပေါင်း ထောင့်နှစ်ရာကျော် ဖမ်းဆီးအရေးယူခဲ့ကြောင်း PSLF ထုတ်ပြန် မိုးကုတ်မြို့နယ်တွင် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေသည့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့က တွေ့ရစဉ်။
PSLF/TNLA

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်တဲ့ ခရိုင်လေးခုမှာ ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြစ်မှုပေါင်း ၁၂၄၂ မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ကြေညာပါတယ်။

TNLA အုပ်ချုပ်ခွင့်ရနယ်မြေတွေဖြစ်တဲ့ နမ့်ဆန်၊ ရွှေလီ၊ မန်အောင်နဲ့ သံလွင်ခရိုင်အပါအဝင် တခြားမြို့တွေမှာ ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာပါ။

ကျူးလွန်တဲ့ပြစ်မှုစာရင်းတွေအရ နမ့်ဆန်ခရိုင်မှာ ၈၃၁ မှု၊ ရွှေလီခရိုင်မှာ ၂၂၆ မှု၊ မာန်အောင်ခရိုင်မှာ ၁၁၈ မှုနဲ့ သံလွင်ခရိုင်မှာ ၅၃ မှု အပါအဝင် တခြားမြို့နယ်တွေမှာ ၁၄ မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီအမှုတွေထဲက တရားစီရင်ရေးဌာနက ၃၃ မှုကို အပြစ်ပေးအရေးယူခဲ့ပြီး တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့က ၈၁၈ မှုကို ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးနေတဲ့ အမှုပေါင်း ၂၅၆ မှုရှိတယ်လို့ ဆိုပါတယ်။

ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေက လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် တခြားအမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၁၉၂၃ ဦးကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အဲဒီအရေးယူခံရသူတွေကို တရားစီရင်ရေးဌာနကနေ ၅၂ မှုကို ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ပြီး ရဲအရေးပိုင်အမှုနဲ့ သာမန်အမှုငယ်ပေါင်း ၁၁၇၀ ကို တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့ကနေ ဆုံးဖြတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

TNLA ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။