TNLA နဲ့ တပ်မတော် တိုက်ပွဲကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ


2018.01.07
tnla-gun-622 လုံခြုံရေးယူထားတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့နယ်ခွဲ နမ့်ခွမ်းရွာမှာ တပ်မတော်နဲ့တအာင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA တပ်တွေ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းကို လက်နက်ကြီး ထိမှန်ခဲ့တာကြောင့်  ဒေသခံ အမျိုးသမီးနှစ်ဦး ဒဏ်ရာရှိခဲ့ပါတယ်။

ဒဏ်ရာရသူနှစ်ဦးထဲက တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မိုင်းလုံမြို့နယ်ခွဲကနေ မိုးကုတ်မြို့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့နမ့်ခွန်ရွာက ဆရာတော်ဥူးသုစေရက မိန့်ပါတယ်။

"တအာင်း TNLA အဖွဲ့ကနေ မနေ့ညမှာ တပ်မတော်ဘက်ကလည်း ဒီဘက်ကိုထွက်လာတာ  ထိပ်တိုက် သွားတွေ့ပြီးတော့ တိုက်ပွဲသွားတာပါပဲ၊ မနက် ၆ နာရီလောက်ကနေ  စဖြစ်သွားတာ၊ ရွာမှာ ပြည်သူ ၂ ယောက်ထိတယ်၊ ဘုန်းကြီးကျောင်းလည်း လက်နက်ကြီး  ၁ လုံးကျတယ်၊ နောက်ပြီးတော့ ရွာထဲမှာ လည်း လက်နက်ကြီး ၃ဝ လောက်ကျမယ်ထင်တယ်၊  သေနတ်ကတော့ မပြောနိုင်ဘူး အများကြီးပဲ"

ကျေးရွာအတွင်း တစ်နာရီကျော်လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန်မှာ ကျေးရွာသား တွေဟာ အသင့်တူးထားတဲ့ ဗုံးခိုကျင်းတွေ နေအိမ်အောက်တွေ မှာ ပုန်းအောင်းခဲ့ရတယ်လို့ ဆရာတော်က မိန့်ပါတယ်။ လက်ရှိမှာ တိုက်ပွဲတွေ ငြိမ်သွားပြီဖြစ်ပေမယ့်  ရွာအတွင်းမှာတော့ တပ်မတော်စစ်ကြောင်းတွေ ရှိနေတယ်လို့ဆိုပါတယ်။

နမ့်ခွမ်းရွာဟာ မိုးကုတ်-ပြင်ဦးလွင်လမ်းကနေ ၁၅မိနစ်လောက် အတွင်းကို ဝင်သွားရတဲ့ ရွာလေးဖြစ်ပါတယ် ။ မိုးကုတ်-ပြင်ဦးလွင် လမ်းပေါ်က ပဇီကျေးရွာ တစ်ဝိုက်မှာ တပ်မတော်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့တွေ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။

တိုက်ပွဲတွေကြောင့် ပြင်ဦးလွင်၊ မန္တလေး၊ မိုးကုတ်ကားအချို့ မန္တလေး-မိုးကုတ်လမ်းကနေ သွားနေကြပြီး လက်ရှိမှာ အခြေအနေတွေ ပုံမှန်ဖြစ်နေပေမယ့် ကားတွေကတော့ ဖြတ်သန်းခွင့် မရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့နယ်တစ်ဝိုက်မှာ တပ်မတော်နဲ့ TNLA တပ်တွေ တိုက်ပွဲကြောင့် ကျေးရွာတွေကို လက်နက်ကြီးတွေ ကျတာကြောင့် ဒေသခံ ၁၂၀၀ ဝန်းကျင်ဟာ ကျောက်မဲမြို့နဲ့ မိုင်းငေါ့မြို့နယ်ခွဲက ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။