ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေ ဆက်ဖြစ်
2015.12.14

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ထဲမှာ အစိုးရတပ် နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နမ့်ဆန်မြို့နဲ့ ၁၅ မိုင်လောက်ဝေးတဲ့ အုန်းလွတ်ကျေးရွာအနီးမှာ ဖြစ်ပွားတာလို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီးမိုင်းအိုက်ကျော်က ပြောပါတယ်။
"ဒီမနက် တိုက်ပွဲနှစ်နေရာဖြစ်တယ်ခင်ဗျ၊ မနက် ၉ နာရီလောက်ကတော့ နမ့်ဆန်မြို့နယ်ရဲ့မြောက်ဘက်ခြမ်း အုန်းလွတ်ကျေးရွာအနီးမှာဖြစ်တယ်"
မနေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်ထဲက နမ့်လင်းနဲ့ လုံတောက်ကျေးရွာတွေမှာ အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းကလည်း နမ့်ခမ်းမြို့နယ်တစ်ဝိုက်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး TNLA တအာင်းလွတ်မြောက်ရေးတပ်မတော်က ဗိုလ်မှူးကြီး မိုင်းဖုန်းကျော်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့က ပြည်တွင်းစစ်ပွဲတွေ အမြန်ဆုံးရပ်ပေးဖို့ တောင်းဆို လိုက်တာနဲ့ ပတ်သက်လို့ NBF ပါတီက ဦးစောသန်းမြင့်ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။