သီပေါ-နမ္မတူလမ်း ဖျက်ဆီးခံရလို့ ကုန်ဈေးနှုန်းကြီးလာနိုင်ကြောင်း TNLA ပြော
2024.06.12

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် မိုးတေရွာအနီး သီပေါ-နမ္မတူလမ်းမကို စစ်ကောင်စီက မြောင်းဖောက်ပြီး ဖျက်ဆီးလိုက်တာဟာ မော်တော်ယာဉ်တွေ သွားလာလို့မရဘဲ ကုန်စည်စီးဆင်းမှုပျက်အောင်လုပ်တာလို့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
သီပေါ-နမ္မတူလမ်းပိုင်းကို စစ်ကောင်စီက အများပြည်သူသွားလာခွင့်နဲ့ ကုန်စည်စီးဆင်းမှု ပိတ်ပင်တာဟာ ဟိုက်ဂင်သဘောတူစာချုပ်ကို ချိုးဖောက်နေတာလို့ ဆိုပါတယ်။
စစ်ကောင်စီက လမ်းပိတ်ထားတာကြောင့် ကုန်စည်စျေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားရနိုင်တယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောပါတယ်။
"ထိခိုက်မှုကတော့အများကြီးရှိပါတယ်။ လူထုတွေက သွားလာလို့မရအောင်၊ ကုန်စျေးနှုန်းတွေ အဆမတန်မြင့်မားတာတွေ ဖြစ်လာမယ်။ နောက်တစ်ခုက ဒေသခံတွေအတွက် စိုးရိမ်ဖွယ်ရာတွေ အများကြီး ရှိလာနိုင်တယ်"
စစ်ကောင်စီက သီပေါ-နမ္မတူလမ်းကို ဖျက်ဆီးတယ်လို့ TNLA ပြောဆိုချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကလည်း မိုတေရွာအနီး သီပေါ-နမ္မတူလမ်းမမှာရှိတဲ့ မိုးတေချောင်းတံတားကို စစ်ကောင်စီက မိုင်းဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ခဲ့ပါတယ်။