မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက်

RFA Burmese
2024.07.04
မိုးမိတ်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို TNLA နဲ့ ပူးပေါင်းအဖွဲ့ သိမ်းပိုက် ၂ဝ၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
Photo: AFP

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်က စစ်ကောင်စီရဲ့ ရွှေသာယာတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၄ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မိုးကုတ်ဗျူဟာ) ပူးပေါင်းတပ်တို့ ဇူလိုင်လ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ TNLA က ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

အလားတူ နောင်ချိုမြို့နယ်မှာလည်း TNLA၊ DPLA၊ MDY-PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဒုံးတပ် (၆၀၆) တပ်စခန်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက ဒုံးတပ် (၆၀၆) စခန်းအနီးက တိုက်ပွဲဖြစ်နေတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တအာင်းဒေသအတွင်းက စစ်ဖြစ်နေတဲ့ နေရာတွေကိုလည်း လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေမှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။