စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တွေ တွေ့ဆုံဆွေးနွေး
2023.12.11

လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ကြား တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ Mao Ning က ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့ သတင်းမီဒီယာတွေကို ပြောဆိုလိုက်ပါတယ်။
နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှာ ရလဒ်ကောင်းတွေလည်း ထွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုရလဒ်တွေလဲ ဆိုတာကိုတော့ သူက ထုတ်ဖော်ပြောဆိုခဲ့တာ မရှိပါဘူး။
ဒီလိုတွေ့ဆုံဆွေးနွေးမှုဖြစ်လာတဲ့အပေါ် တရုတ်နိုင်ငံက ဝမ်းသာကြောင်းနဲ့ တရုတ်အစိုးရအနေနဲ့ ဆက်လက်ပံ့ပိုးပေးသွားဖို့ရှိနေတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရှိသူက ဆိုပါတယ်။
စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း တရုတ်အစိုးရရဲ့ အကူအညီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပြောဆိုပါတယ်။
လတ်တလောဖြစ်နေတဲ့ တိုက်ပွဲတွေကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ အခုလို ဆွေးနွေးခဲ့တာဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းမှာလည်း ထပ်မံဆွေးနွေးဖို့ရှိတယ်လို့ သူက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကတော့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ ထုတ်ပြန်လာတာ မရှိသေးပါဘူး။
အဲဒီမဟာမိတ်သုံးဖွဲ့ ပြောခွင့်ရှိသူတွေကို RFA က ဆက်သွယ်မေးမြန်းထားပေမယ့် ချက်ချင်းတုံ့ပြန်ချက် မရသေးပါဘူး။