စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း TNLA ထုတ်ပြန်

RFA Burmese
2024.07.07
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း TNLA ထုတ်ပြန် မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ပျက်စီးခဲ့သည့် အိမ်တစ်လုံးအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: PSLF/TNLA News

စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အရပ်သား ငါးဦး သေဆုံးပြီး ဆယ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၇ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့ အနောက်ဘက် ဘောလုံးကျေးရွာကို စစ်ကောင်စီ လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၆၃ နှစ်အရွယ် ဦးမောင်မောင်၊ အသက် ၄၀ အရွယ်ဒေါ်ယာအီတို့ သေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

မိုးမိတ်မြို့နယ် လယ်ကြီးကျေးရွာမှာလည်း ဇူလိုင်လ ၇ ရက်နေ့ နေ့လယ်က စစ်ကောင်စီ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၆ ရက်နေ့ကလည်း လားရှိုးမြို့ ရပ်ကွက် ၅ ကို လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် ဇူလိုင် ၅ ရက်နေ့ကလည်း အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန် ၂၅ ရက်နေ့ကစလို့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီစခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲ (၁၃) ရက်အတွင်း စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် စုစုပေါင်း အရပ်သား (၄၉) ဦးသေဆုံးပြီး (၆၇) ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။