စစ်ကောင်စီတပ် နမ့်ဆန် လက်ဖက်ခြောက်စက်ရုံကို TNLA သိမ်းပိုက်

RFA Burmese
2023.12.14
စစ်ကောင်စီတပ် နမ့်ဆန် လက်ဖက်ခြောက်စက်ရုံကို TNLA သိမ်းပိုက် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့အတွင်းရှိ စစ်ကောင်စီ လက်ဖက်ခြောက်စက်ရုံကို တွေ့ရစဉ်။
ရွှေဖီမြေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီ အမှတ် (၆၂၆) ထောက်ပို့နဲ့ ပို့ဆောင်ရေးတပ်ရင်းလက်အောက်ခံ လက်ဖက်ခြောက် စက်ရုံကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။

ဒီစက်ရုံဟာ စစ်ကောင်စီတပ်ရိက္ခာအတွက် အချိုခြောက်နဲ့ လက်ဖက်ခြောက်တွေကို အဓိကထုတ်လုပ်တဲ့ စက်ရုံဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

"တပ်မတော် လက်ဖက်ခြောက်စက်ရုံဆိုတာ တပ်မတော် ထောက်ပံ့ရေးအောက်ကနေ ရှိတဲ့ စက်ရုံဖြစ်တယ်။ အရင်ကတည်းက ဒီစက်ရုံကနေ တပ်ရိက္ခာတွေအတွက် ထုတ်ပြီးမှ ဖြန့်ဖြူးတဲ့နေရာဖြစ်တယ်ပေါ့။ အခု ကျွန်တော်တို့ အပြီးသိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်"

အဲဒီစက်ရုံကို အခုလ ၁၂ ရက်နေ့ညမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၁၃ ရက်နေ့ ညနေပိုင်းမှာ အပြီးသိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲစတဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့က ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ နမ့်ဆန်မြို့ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းသုံးခုကို သိမ်းပိုက်ထားတယ် လို့ TNLA ကဆိုပါတယ်။

အဲဒီစက်ရုံဟာ စစ်တပ်အတွက် အသင့်ဖျော် ရွှေဖီဦး လက်ဖက်ရည် ထုတ်လုပ်တဲ့နေရာ လည်း ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်လို့ နမ္မဝေါရပ်ကွက်မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဦးကျော်ဌေးဆိုသူ သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သတင်းဖော်ပြပါတယ်။ ဒီဖော်ပြချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲကြောင့် သေဆုံးသူ အရပ်သား လေးဦးအထိ ရှိနေတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

နမ့်ဆန်မြို့ပေါ်ရပ်ကွက် ခြောက်ခုမှာ လူဦးရေ ငါးထောင်ကျော် နေထိုင်ပြီး တိုက်ပွဲကြောင့် မြို့ပေါ်ရပ်ကွက်က လူဦးရေ အားလုံးနီးပါးဘေးလွတ်ရာကို တိမ်းရှောင်နေကြတယ်လို့ နမ့်ဆန်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

"အခုက စစ်ကောင်စီ ဗျူဟာကုန်းပဲ ကျနေတာပေါ့နော်။ အခုနေ့လယ်ပိုင်းကို အသံတွေ ကြားနေရတုန်းပဲ။ မြို့ပေါ်ရပ်ကွက် ခြောက်ရပ်ကွက်လုံးက လူတွေကတော့ ရွာတွေဘက် ရှောင်နေကြပြီဗျ။ ကျောက်ဖြူတို့၊ အာရမ်းတို့၊ ပန်စလီရွာဘက်တွေကို ပြေးကြတာရှိတယ်"

ဒီဇင်ဘာလ ၁၄ ရက် နေ့လယ်ပိုင်းအထိ နမ့်ဆန်မြို့ဆေးရုံအရှေ့မှာ ကျန်နေတဲ့ စစ်ကောင်စီ ဗျူဟာကုန်းကို TNLA တပ်ဖွဲ့ဘက်က ဆက်လက်တိုက်ခိုက်နေတုန်းပဲလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ နမ့်ဆန်မြို့နယ်အတွင်းမှာ TNLA တပ်ဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေကြောင်း စစ်ကောင်စီ လက်အောက်ခံမီဒီယာတွေကနေ ဒီဇင်ဘာလ ၁၃ ရက်နေ့က သတင်းထုတ်ပြန် ပြောဆိုထားပါတယ်။ လက်ဖက်ခြောက် စက်ရုံကိစ္စအပါအဝင် တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းနဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းမှာလည်း ဒီဇင်ဘာလ ၁၄ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ TNLA ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။