စစ်ကောင်စီလုပ်ရပ် ရှေ့တိုးလာရင် တုံ့ပြန်ဖို့ပြင်ဆင်ထားကြောင်း TNLA ပြော

RFA Burmese
2024.05.09
စစ်ကောင်စီလုပ်ရပ် ရှေ့တိုးလာရင် တုံ့ပြန်ဖို့ပြင်ဆင်ထားကြောင်း TNLA ပြော တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဉ်။
Ta'ang Channel

ဟိုင်ဂင် သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ စစ်ကောင်စီတပ်အနေနဲ့ အပစ်ရပ်စာချုပ်ပါ အချက်တွေကိုမလိုက်နာဘဲ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေမှုပိုလုပ်လာရင် တုံ့ပြန်ဖို့ပြင်ဆင်ထားတယ်လို့ TNLA က ပြောလိုက်ပါတယ်။

စစ်ကောင်စီရဲ့လုပ်ရပ်တွေကို TNLA အနေနဲ့ မှတ်တမ်းတင်ထားပြီး ဒီထက်ပိုပြင်းထန်လာရင် တုံ့ပြန်မယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ လွေးယေဦးက RFA ကို ဒီနေ့မနက်က ပြောပါတယ်။

“ကျွန်မတို့ လက်ရှိစစ်ကောင်စီရဲ့ သွားလာမှုတွေ၊ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပါတယ်။ ပြီးတော့ တအာင်းဒေသအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုစာရင်းတွေကို ပြုစုနေပါတယ်။ လက်ရှိမှာတော့ ကျွန်မတို့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဒီထက် ပိုပြင်းထန်လာရင်တော့ လိုအပ်တဲ့တုံ့ပြန်မှုအတွက် ကျွန်မတို့ ပြင်ဆင်ထားပါတယ်”

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ-၁၄၈ နဲ့ ခလရ-၇၁ တပ်ဖွဲ့ဝင်တွေက ညောင်ကုန်းကျေးရွာမှာရှိတဲ့ TNLA တပ်စခန်းဘက်ကို လက်နက်ကြီး လေးလုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ TNLA ဘက်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ နဲ့ ၂၈ ရက်နေ့တွေကလည်း ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ခြောက်ကြိမ် ပစ်ခတ်ခဲ့တာကြောင့် သုံးဆယ်ရွာက အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ TNLA ရဲ့ မေလ ၈ ရက် မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

TNLA ဘက်က ပြောဆိုချက်တွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်း တစ်ဦးကတော့ ဟိုင်ဂင်စာချုပ် သဘောတူညီချက်မှာပါတဲ့ အချက်အလက်တွေမှာ အားနည်းချက်တွေရှိတာကြောင့် အခုလိုဖြစ်စဥ်တွေ ရှိနေမှာပဲလို့ မှတ်ချက်ပေးပါတယ်။

“စာချုပ်မှာ တစ်နိုင်ငံလုံး စစ်ရေးတွေရပ်မယ်လို့ မပါထားဘူး။ နောက်ပြီး ပြင်ဦးလွင်ဘက်က တိုက်ပွဲတွေမှာTNLA ပါဝင်ပတ်သက်နေတယ်လို့ တပ်မတော်ဘက်က ယူဆထားပုံရတယ်။ ဒါကို အရေးယူ ဆောင်ရွက်တဲ့အခါကျတော့ TNLA ဘက်က ဒီလိုပဲ ပြန်ပြောလာတာပေါ့။ ပြောရမယ်ဆိုရင် ဟိုင်ဂင်စာချုပ်မှာကိုက ပြီးပြည့်စုံတဲ့ ပြတ်သားမှု မရှိတာပေါ့”

၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းက မြိုပေါင်း ၁၆ မြို့ကို မြောက်ပိုင်းညီနောင်သုံးဖွဲ့က သိမ်းပိုက်ထားချိန် တရုတ်ရဲ့ကြားဝင်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အပစ်ရပ်ခဲ့ပါတယ်။

ဟိုင်ဂင် အပစ်ရပ်စာချုပ် သဘောတူညီချက်အရ မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေ၊ ဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ မလုပ်ဖို့ ပါဝင်ပါတယ်။

စစ်ကောင်စီဘက်ကတော့ ညီနောင်သုံးဖွဲ့ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နေရာအားလုံးကို လေကြောင်း၊ လက်နက်ကြီးအပါအဝင် ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ဖို့၊ အငြင်းပွားစရာတွေနဲ့ ပစ်ခတ်တာတွေဖြစ်လာရင် တွေ့ဆုံဆွေးနွေးတဲ့လမ်းစဥ်နဲ့ ဖြေရှင်းဖို့ဆိုတဲ့အချက်တွေကို သဘောတူညီထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။