TNLA နဲ့ RCSS တိုက်ပွဲတွေကြောင့် ဒေသခံ ၈၀၀ ကျော် ထွက်ပြေး
2018.08.06
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကွပ်ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တပ်တွေအကြား မနေ့က ပစ်ခတ်မှု ကြောင့် ဒေသခံ ၈၀၀ ကျော် ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်ကွပ်ကျေးရွာအနီး လက်နက်ကြီးတွေ ကျတာရှိလို့ အနီးတဝိုက် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေး လာကြတာလို့ နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်ချုပ်ရေးမှူး ကိုဖိုးထောင် က ပြောပါတယ်။
“ကျနော်တို့ စခန်းတွေမှာတော့ ၈၀၀ ကျော်ရှိတာပေါ့၊ စားတာသောက်တာ ဒါပဲကူညီနိုင်တာပေါ့ဗျာ၊ မနေ့ကတော့ ညမိုးချုပ်တဲ့အထိ တဖွဲဖွဲလာနေကြတာ၊ တချို့ကလည်း ရွာနားနီးလာပြီ ဘာညာဆိုတော့ ပြေးလာကြတာပေါ့”
ပန်ကွပ်ရွာက ဒေသခံတွေ ထွက်ပြေးလာတာမရှိပေမယ့် အနီးတဝိုက်ကျေးရွာတွေဖြစ်တဲ့ နောင်ငင်း၊ မန်ဆာ၊ ပန်ဟတ် စတဲ့ ရွာသားတွေ ထွက်ပြေးလာကြတယ်။
ထွက်ပြေးလာသူတွေကို မန်စံမြောက်ကျောင်း၊ ကမ္မဌာန်းကျောင်း၊ မိုင်းမုကျောင်းတွေမှာ နေရာချထားပေးပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ တောတောင်တွေထဲကနေ ပြေးလာရတာဖြစ်လို့ သန့်ရှင်းမှုနဲ့ ကျန်းမာရေး အားနည်းချက် တွေ ရှိနေတယ်လို့ မန်စံဆီလိန်ခမ်းပရဟိတအဖွဲ့က ဒေါ်နန်းခမ်းမီးက ပြောပါတယ်။
ပန်ကွပ်ကျေးရွာတစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက SSPP/SSA၊ TNLA ၊ RCSS နဲ့ အစိုးရတပ်မတော်တို့အကြား စစ်ရေးတင်းမာနေခဲ့ပါတယ်။
လတ်တလောမှာ မန်ဆာ၊ ပန်ဟတ်၊ နားဟုန်းရွာတွေမှာ မြောက်ပိုင်း မဟာမိတ်အဖွ့ဲတွေ လှုပ်ရှားနေပြီး ပန်လုံ ကျေးရွာ တဝိုက်မှာ အစိုးရတပ်မတော် နဲ့ RCSS အဖွဲ့တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
TNLA ကတော့ မနေ့က ပန်ကွပ်ရွာဘက်ကို လာတဲ့ RCSS အဖွဲ့နဲ့ နာရီဝက်လောက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး RCSS တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။