TNLA နဲ့ RCSS တိုက်ပွဲဖြစ်ပွား
2018.11.20
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်ကိုင်ကျေးရွာတဝိုက်မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ မနေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားနေပါတယ်။
ဒီမနက်မှာတော့ ကျေးရွာအနီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကိုပါ ကြားနေရတယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
ပန်ကိုင်ရွာသားအချို့ဟာ ထော်လာဂျီတွေနဲ့ သီပေါမြို့ပေါ်ကို တိမ်းရှောင်နေကြပြီး ပန်လုံရွာသားတွေကတော့ တိုက်ပွဲဆက်လက်ပြင်းထန်လာရင် တိမ်းရှောင်နိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။
ပန်ကိုင်၊ ပန်လုံ ၊ ပန်ကွပ်ရွာတွေဟာ TNLAနဲ့ SSPP တို့ ပူးပေါင်းအဖွဲ့နဲ့RCSS တပ်ဖွဲ့၊ မြန်မာ့တပ်မတော်တို့အကြား မကြာခဏထိပ်တိုက် တွေ့ဆုံတိုက်ပွဲဖြစ်ပွားတဲ့ နေရာဖြစ်ပါတယ်။
လတ်တလောမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းက နမ္မတူ၊ သီပေါ၊ လားရှိုး၊ ကျောက်မဲမြို့နယ်တွေအတွင်း RCSS တပ်ဖွဲ့တွေနဲ့TNLA/SSPP မဟာမိတ်ပူးပေါင်းအဖွဲ့တွေကြား စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။