တိုက်ပွဲတွေကြောင့် နမ့်ခမ်းဒေ သခံ ၁၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
2016.02.10

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၁၅၀၀ လောက် ဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေကြပါတယ်။
ဒုက္ခသည်တွေဟာ နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာက တအာင်းစာပေနဲ့ ယဉ်ကျေးမှုရုံးမှာ ခိုလှုံနေကြတယ်လို့ ထွက်ပြေးလာတဲ့ လော့နော်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်ယိုင်က ပြောပါတယ်။
"၇ ရက်နေ့ ၈ နာရီမှာ RCSS နဲ့ TNLA တိုက်ပွဲဖြစ်ပါတယ်၊ TNLA က လော့နော်ရွာထဲမှာနေပါတယ်၊ RCSS ရွာထဲကိုဝင်လာတော့ အင်အား ၃ဝဝ လောက်ရှိပါတယ်၊ အဲ့မှာတိုက်ပွဲအကြီးအကျယ်ဖြစ်ပြီးတော့ ရွာထဲမှာ လက်နက်ကြီးကျပါတယ်၊ အခုရွာထဲမှာ RCSS က အင်အား ၃ဝဝ လောက်ရှိပါတယ်၊ ရွာသားတွေ ထွက်ပြေး တိမ်းရှောင်ပြီး အခု မိုင်းဝီးရွာမှာရောက်နေပါတယ်"
လော့နော်ကျေးစုအုပ်စုအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်လာတာဖြစ်ပြီး ပိန်လိုင်၊ မန်ဟန်၊ ပန်ကန်၊ နမ့်ကလောက် စတဲ့ ကျေးရွာ ၄ရွာက ဒေသခံ ၁၅၀၀ လောက်ဟာ မိုင်းဝီးကျေးရွာမှာ ခိုလှုံနေကြတာ ဖြစ်ပါတယ်။
နမ့်ခမ်းမြို့နယ်မှာ RCSS/SSA တပ်တွေနဲ့TNLA တပ်တွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့တာဖြစ်ပြီး အရင်ကတည်းက အဲဒီ မိုင်းဝီးကျေးရွာမှာ ဒေသခံ ရှမ်းတိုင်းရင်းသား ၃၀၀လောက် ခိုလှုံနေကြတာ ၂လကျော်နေပြီဖြစ်ပါတယ်။
လက်ရှိ လော့နော်ကျေးရွာအုပ်စုအတွင်းမှာ RCSS/SSA တပ်အင်အား ၃၀၀ လောက်က အခြေချထားတယ်လို့ သိရပါတယ်။
အလားတူ ကျောက်မဲမြို့နယ် ပါခါးကျေးရွာတစ်ဝိုက်မှာလည်း RCSS/SSA နဲ့TNLA တပ်တွေ ပြီးခဲ့တဲ့နှစ်ရက်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားနေတာကြောင့် နေအိမ်တစ်လုံးပျက်စီးခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။
ပါခါးကျေးရွာက ဒေသခံ ၃၀၀လောက်လည်း နေရပ်စွန့်ခွာထွက်ပြေးကြပြီး ကျောက်မဲမြို့နယ် ပန်ဆန်ကျေးရွာမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။