သီပေါမြို့နယ်မှာ RCSS/SSA နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွား


2016.12.19
rcss-ssa-620.jpg ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: RFA

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ထဲမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA အဖွဲ့နဲ့ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။

သီပေါမြို့ကနေ မိုင် ၂၀ လောက်ဝေးတဲ့ မန်လွယ်နဲ့ ပါခါးဆိုတဲ့ ရွာနားတွေမှာဖြစ်တာလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် က ပြောပါတယ်။

''တိုက်ပွဲက ကျနော်တို့နဲ့တော့ဝေးတယ်၊ သီပေါနယ်ထဲကျတာပေါ့လေ၊ ဟိုမုကျေးရွာအုပ်စုပေါ့၊ ပါခါးရွာနားမှာ၊ ခုလောလောဆယ်တော့ ကျဆုံးမှုတွေ ဘာမှမကြားသေးဘူး၊ ကျွန်တော်ကြားတာက TNLA နဲ့ RCSS နဲ့ ဖြစ် ကြတာ၊ သီပေါနဲ့ဆိုလို့ရှိရင် မိုင် ၂၀ ကျော်ပေါ့၊ အဲ့နေရာက နမ့်ဆန်နဲ့ သီပေါ နယ်ခြားစပ်တဲ့ဒေသပေါ့၊ ပလောင် ရယ် ရှမ်းတွေ စုပေါင်းနေတဲ့နေရာပေါ့''

ဒီကနေ့ မနက် ၆ နာရီလောက်ကတည်းက စတင်ဖြစ်ပွားနေတာဖြစ်ပြီး ဒေသခံရွာသားတွေလည်း ရှောင်ပြေး လာကြတယ်လို့ ပြောပါတယ်။ တိုက်ပွဲကတော့ နေ့ခင်းပိုင်းလောက်မှာ ပြန်ရပ်သွားပြီလို့ TNLA က သတင်းပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

''သီပေါမြို့နယ် ပန်ခါးတောင်ခေါ်တာပေါ့နော်၊ အဲဒီနေရာမှာ မနက် ၆ နာရီကတည်းက ကျွန်တော်တို့ နဲ့ RCSS နဲ့ တိုက်ပွဲနှစ်နေရာဖြစ်တယ်၊ နောက်တစ်နေရာက သီပေါမြို့နယ်ထဲမှာပဲ၊ မန်လွယ်ကျေးရွာမှာ မနက် ၆ နာရီလောက်ကဖြစ်တယ် ၁၂ နာရီလောက်အထိ ဖြစ်တယ်''

အဲဒီဒေသဟာ ရှမ်းနဲ့ ပလောင်တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ရွာတွေဖြစ်ကြပြီး ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာနေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။