မိုးကုတ်မြို့နယ်မှာ TNLA တပ်က တပ်သားသစ် ခေါ်ယူစုဆောင်း
2016.08.07

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပိန်းပြစ်ကျေးရွာအုပ်စုက ဒေသခံပလောင်တိုင်းရင်းသား ၃၀ နီးပါးကို ပြီးခဲ့တဲ့ ဇူလိုင်လ၂၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဟာ တအာင်းလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်က အတည်ပြုပြော ပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးအတွက် ပလောင်တိုင်းရင်းသားတွေ လက်နက်ကိုင်တပ်ဖွဲ့ထဲမှာ ပါဝင်ဖို့ခေါ်ဆောင်တာဖြစ်တယ်လို့ PSLF/TNLA က ဗိုလ်မှူးတာအိုက်ကျော်က ပြောပါတယ်။
"ဒီကိစ္စကတော့ ဖမ်းတာတော့မဟုတ်ဘူး၊ အမျိုးသားအတွက် တာဝန်ထမ်းဆောင်ဖို့၊ ခါတိုင်းကတော့ ကျနော်တို့ မိုးကုတ်ဘက်မှာ ကောက်လေ့ကောက်ထတော့မရှိဘူး၊ ဒီနေ့ကတော့ ကျနော်တို့က စည်းရုံးရေး အရဆင်းတယ်၊ စည်းရုံးရေးအချက်ကဘာလဲဆိုတော့ အဲ့ဘက်မှာက ပလောင်ရွာတွေအများကြီးရှိတယ်၊ တအာင်းအမျိုးသားအတွက်၊ ကိုယ့်အတွက်၊ ကိုယ်ပိုင်လိုချင်တဲ့ အခွင့်အရေးတို့၊ ပြဌာန်းချက်တို့ သူတို့လည်း သိသင့်တယ်၊ အဲ့ကြောင့်မို့ ကျနော်တို့နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ပြီးမှ သူတို့က ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေကိုလည်းသိမယ်"
လက်ရှိ ပိန်းပြစ်ကျေးရွာမှာ အစိုးရတပ်မတော်က လုံခြုံရေးရယူပေးထားတာကြောင့် မိုးကုတ်မြို့ပေါ် ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံပလောင် တိုင်းရင်းသားတွေလည်း နေရပ်ကို ပြန်သွားကြပြီ လို့ မိုးကုတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောသောင်းတင် က ပြောပါတယ်။
"သူတို့ နေရပ်ကိုပြန်သွားကြပြီ၊ လဆန်း ၃ ရက်နေ့က ပြန်သွားကြပါတယ်၊ အန်ကယ်လ်တို့ ဒီကနေ လှူတာတန်းတာတွေယူပြီးတော့ သူတို့ပြန်သွားကြတယ်၊ အခုအချိန်ထိတော့ အေးဆေးနေပါတယ်၊ ဘာကြောင့်လဲဆိုတော့ တပ်မတော်စစ်ကြောင်းတွေက တော်တော်များများ မိုးမိတ်ဧရိယာရော၊ မိုးကုတ်ဧရိယာရော ထိုးထားလို့လေ၊ ဒီအဖွဲ့အစည်းကနေခေါ်သွားတယ်ဆိုတော့ တိုင်တာတော တာတွေတော့ မရှိပါဘူး၊ သူတို့လည်း ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ပြန်သာသွားတာ သူတို့လည်း ကျီးလန့်တစာစာနဲ့ပေါ့၊ တပ်မတော်စစ်ကြောင်းတွေများယုံရင် သူတို့လည်း ပြန်လာမယ့်သဘောရှိတယ်"
တအာင်းလွတ်မြောက်ရေးတပ်မတော်ဟာ အရင်က မိုးကုတ်မြို့နယ်အတွင်းမှာ တပ်သားစုဆောင်း တာ မရှိဘဲ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ်တွေ က ပလောင်တိုင်းရင်းသား ဒေသခံ တွေကိုသာ တပ်သားအနေနဲ့ စုဆောင်းခဲ့တာ ဖြစ်ပါတယ်။
TNLA ရဲ့ တပ်သားသစ် စုဆောင်းရေးမူဝါဒမှာ ပလောင်တိုင်းရင်းသား အိမ်ထောင်စုတိုင်းမှာ အသက် ၁၈ နှစ်ပြည့်ပြီး အမျိုးသားနှစ်ဦးရှိရင် တစ်ဦးက တအာင်း လွတ်မြောက်ရေး တပ်မတော်ကို ဝင်ရမယ် ဆိုတဲ့ အချက်ပါရှိပြီး ကျန်းမာရေးမကောင်းဘူးဆိုရင် ကင်းလွတ်ခွင့်ပေးတယ်လို့ ဗိုလ်မှူးတာ အိုက်ကျော် က ပြောပါတယ်။
တပ်သားအဖြစ်စုဆောင်းခံရတဲ့ တပ်ဖွဲ့ဝင်တွေကို ပုံမှန်လစာနဲ့ ထောက်ပံ့ကြေးပေးတာမရှိဘဲ လိုအပ်ချက်ရှိမှ သာ ထောက်ပံ့တာမျိုးဆောင်ရွက်ပေးတာဖြစ်တယ် လို့ ပြောပါတယ်။