လက်နက်ကြီးထိတာကြောင့် ကျောက်မဲက အရပ်သား တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

RFA Burmese
2024.07.15
လက်နက်ကြီးထိတာကြောင့် ကျောက်မဲက အရပ်သား တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားသည့် ဒေသခံတစ်ဦးအား ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့က ပရဟိတအဖွဲ့ဝင်တချို့ သယ်ဆောင်လာစဉ်။
Photo: PSLF/TNLA News

စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇူလိုင် ၁၅ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁၅ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်မှာ ကျောက်မဲမြို့နယ်ကို စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နမ့်ဟူတောင် အထက်ကျေးရွာ အဖွားအို တစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ရပ်ကွက် ၉ မှာလည်း အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်အဖွဲ့တွေက လေးရက်ကြာ တစ်ဖက်သတ် အပစ်ရပ်ထားချိန်မှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့လည်း TNLA က ပြောပါတယ်။

စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၅၀၁) နဲ့ (ခမရ-၅၀၂) တပ်ဖွဲ့ဝင်တွေက ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် TNLA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

TNLA ထုတ်ပြန်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဇွန် ၂၅ ရက်နေ့ကစတဲ့ "၁ဝ၂၇ စစ်ဆင်ရေး" နောက်ဆက်တွဲအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ လားရှိုးမြို့တွေနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဥ့်ကူးနဲ့ မိုးကုတ်မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို TNLA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။

တိုက်ပွဲ (၂၁) ရက်အတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သား ၆၇ ဦး သေဆုံးပြီး ၁ဝ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။