ရှမ်းပြည်မြောက်ပိုင်းမှာ တိုင်းရင်းသားတပ်တွေအကြား တိုက်ပွဲဆက်လက်ဖြစ်ပွား
2016.01.30

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ နမ့်ခမ်းမြို့နယ်တွေမှာ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်တွေအကြား တိုက်ပွဲတွေ မကြာခဏဖြစ်နေပေမယ့် ညှိနှိုင်းဆွေးနွေးမှု မရှိသေးဘူးလို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်လို့ နှစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဖို့အစီစဉ် မရှိသေးဘူးလို့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။
"အဲ့ဒီကိစ္စတော့ ကျနော်လည်း အတပ်မပြောနိုင်သေးပါဘူး၊ သူတို့ဘက်ကလည်း ဘာမှညှိနှိုင်းထားတာတွေ မရှိသေးပါဘူးခင်ဗျ၊ အခုဖြစ်နေတဲ့ကိစ္စက TNLA ဘက်က စတိုက်တဲ့အတွက်ကြောင့် ရှေ့တန်းတပ်မှူးတွေ အချင်းချင်း ညှိနှိုင်းရင်လည်းရပါတယ်၊ တိုက်ပွဲမဖြစ်စေချင်ဘူးဆိုရင် TNLA ဘက်က မတိုက်ဘူးဆိုရင်လည်း တိုက်ပွဲကဖြစ်စရာအကြောင်း မရှိဘူးပါဘူး"
RCSS/SSA က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက နမ့်ခမ်းနဲ့ ကျောက်မဲမြို့နယ်တွေမှာ တပ်တွေအခြေချလာတာ ဖြစ်သလို တအာင်းလွတ်မြောက်ရေး တပ်မတော်ဘက်ကလည်း အဲ့ဒီဒေသတွေဟာ တအာင်းဒေသလို့ သတ်မှတ်ထား တာဖြစ်တဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေ မကြာခဏဖြစ်နေတာပါ။
မနေ့ညနေက နမ့်ခမ်းမြို့နယ် ပန်ကနိုင်းကျေးရွာနဲ့ လုံအဘလကျေးရွာကြားမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PSLF/TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။
"မနေ့ကညနေ ၄ နာရီလောက်ကနေစပြီးမှ ညမိုးချုပ်တဲ့အထိ ကျနော်တို့အဖွဲ့နဲ့ RCSS တိုက်ပွဲက နမ့်ခမ်းမြို့နယ် ပန်ကနိုင်းကျေးရွာနဲ့ လုံအဘလ ခေါ်တယ်ပေါ့နော် အဲ့ဒီဘက်မှာ ထိတွေ့မှုဖြစ်တယ်၊ ညှိနှိုင်းမှုကိစ္စကတော့ ဘာကြောင့်မို့ ချိတ်ဆက်မှုမရတာလဲဆိုတာက ကိုယ့်ဘက်က ပြန်ကြည့်မယ် ဆိုရင်တော့ တစ်မြေတည်းတိုက်ရတာက တိုက်ပွဲမဖြစ်ဖြစ်အောင် လာပြီးရန်ရှာတာပေါ့နော်၊ သူတို့ NCA လက်မှတ်ထိုးပြီးမှ ကျနော်တို့ဒီဘက်ကို ကျူးကျော်ပြီးမှ ဝင်ရောက်လာတာဖြစ်တယ်"
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းမှာ တအာင်းလွတ်မြောက်ရေး တပ်မတော်နဲ့ ရှမ်းပြည်ထူထောင်ရေးကောင်စီတို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာ အကြိမ် ၂ဝ ခန့် ရှိနေပြီလို့ သိရပါတယ်။
အဲ့ဒီအဖွဲ့တွေအကြား တိုက်ပွဲတွေ ရပ်တန့်ရေးအတွက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့က တာဝန်ရှိသူတွေဟာ RCSS က တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ကြားဝင် ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရရှိခဲ့ပါဘူး။