တိုက်ပွဲတွေလျှော့ချနိုင်ရေး RCSS နဲ့တွေ့ဆုံဖို့ SSPP နဲ့ TNLA ကြိုးပမ်းနေ
2018.10.18
ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေ လျှော့ချနိုင်ရေးအတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် (SSPP/SSA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းစုက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး RFA က SSPP ဌာနချုပ် ဝမ်ဟိုင်းမှာ မေးမြန်းရာမှာ အဲဒီလို ပြောကြားတာဖြစ်ပါတယ်။
ဒါ့အပြင် RCSS နဲ့TNLA တပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ဖက်တိုင်းရင်းသားတွေ ထိခိုက် ပျက်စီးမှုတွေရှိနေပြီး ဒေသတွင်း ရှမ်းနဲ့ပလောင် တိုင်းရင်းသားတွေကြားမှာ ချစ်ကြည်ရင်းနှီးမှုပျက်စေကြောင်းလည်း ဒုတိယဗိုလ်မှူးကြီးစိုင်းဆု က ပြောပါတယ်။
အထူးသဖြင့် မြောက်ပိုင်းမှာ တပ်စွဲထားတဲ့ RCSS တပ်တွေ ဆုတ်ခွာပေးရေးကို အဓိကထား ဆွေးနွေးမယ်လို့ ပြောပါတယ်။
အရင်တုန်းကလည်း ဒီလိုပဋိပက္ခတွေနဲ့ပတ်သက်ဖြေရှင်းဖို့RCSS ကို ပြောဆိုထားတာရှိတယ်လို့လည်း ဗိုလ်မှူးကြီးစိုင်းဆု က ပြောပါတယ်။
TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ ဒေသတွင်းမှာ စစ်ရေးအခြေအနေတွေကို မဟာမိတ်ဖြစ်တဲ့ SSPP နဲ့ ဆွေးနွေးမှုတွေရှိပေမယ့် RCSS နဲ့ကတော့ ရွှေလီမှာ တစ်ကြိမ်တွေ့ဆုံခဲ့တာရှိပြီး နောက်ထပ်တွေ့ဆုံနိုင်တာ မရှိသေးကြောင်း ထပ်မံတွေ့ဆုံဖို့ကိုလည်း စာပို့တောင်းဆိုထားသလို တွေ့ဆုံဖို့လည်း အဆင်သင့်ရှိတယ်လို့ပြောပါတယ်။
RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စိုင်းဦး ကတော့ SSPP တွေ့ဆုံမယ့်ကိစ္စနဲ့ပတ်သက်ပြီး သူ့အနေနဲ့ မသိရှိသေးကြောင်း တခြား RCSS ထိပ်ပိုင်းခေါင်းဆောင်အချို့ကို မေးကြည့်ဖို့ပြောပါတယ်။
ဒီလိုညှိနှိုင်းမှုတွေ အဆင်မပြေရင်တော့ ရှမ်းမြောက်ဒေသမှာတိုက်ပွဲတွေ ဆက်ဖြစ်လာနိုင်မယ့် အခြေအနေ ရှိနေပါတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူ၊ သီပေါနဲ့ကျောက်မဲမြို့တွေဟာ RCSS၊ TNLA၊ SSPP နဲ့ တပ်မတော်တို့အဓိက လှုပ်ရှားနေပြီး မကြာခဏဆိုသလို တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့သြဂုတ်လနဲ့စက်တင်ဘာလတွေမှာ RCSS နဲ့TNLA /SSPP ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့ပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ မကြာခဏ ဆိုသလို နေရပ်စွန့်ခွာခဲ့ရပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေကြားမှာ အရပ်သားတွေ ပျောက်ဆုံးမှုလည်းရှိခဲ့ပြီး အများစုက နေအိမ်တွေကို ပြန်ရောက်မလာကြတဲ့အတွက် ဒေသတွင်းမှာ အသက်အိုးအိမ်လုံခြုံမှုမရှိ ဖြစ်နေပါတယ်။