တပ်သားသစ် စုဆောင်းမှု ရပ်တန့်ဖို့ တအာင်းအဖွဲ့ အစည်းတွေ တောင်းဆို
2016.02.11

ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်က ကျေးရွာ ၂၅ ရွာမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် RCSS/SSA က တပ်သားသစ်စုဆောင်းနေတာတွေ၊ ဖမ်းဆီးနေတာတွေကို ရပ်တန့်ပေးဖို့ တအာင်းလူမှုအဖွဲ့အစည်းတွေက ဒီနေ့ ကြေညာချက်ထုတ် တောင်းဆိုလိုက်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့မှာ မိုင်းကိုင်မြို့နယ်ထဲက တအာင်းကျေးရွာတွေက ရွာသား ၄ဝဝ ကို တပ်သားသစ်အဖြစ်ခေါ်ပြီး စစ်သင်တန်းပေးမယ်လို့ RCSS/SSA က အကြောင်းကြားထားတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့က ကိုမိုင်းမျိုးအောင်က ပြောပါတယ်။
"၂ဝ ရက်နေ့မတိုင်ခင်မှာ အကုန်လုံး အရောက်သွားရမယ့်သဘော ရှိတာပေါ့လေ၊ အဲ့ဒီ ၂ဝ ရက်နေ့မှာ စစ်သင်တန်းစမယ်၊ စစ်သင်တန်းစတဲ့အချိန်မှာမှ မလာနိုင်ဘူးဆိုရင်တော့ အဲ့လိုသူတို့က ခြိမ်းခြောက်တာပေါ့၊ ကျနော်တို့ အိမ်တွေ၊ မြေတွေ သိမ်းမယ်စသဖြင့် အဲ့လိုမျိုးတွေရှိတယ်၊ အခုလက်ရှိမှာက တချို့လူတွေကလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ အပိုင်းတွေလည်းရှိတာပေါ့နော်၊ ကိုယ့်ရဲ့နီးစပ်ရာနီးစပ်ရာကို သွားလာတဲ့အပိုင်းရှိတယ်၊ ယောက်ကျားလေးရှိတဲ့အိမ်တွေကို ကျတော့ လောလောဆယ်မှာက ခဏလေးတိမ်းရှောင်နေရတဲ့ အပိုင်းတွေရှိတယ်"
မိုင်းကိုင်မြို့နယ် နောင်စံဖူး၊ ခေးအုံအွေ့၊ စုံလော၊ ဖားခေါင် စတဲ့ ကျေးရွာအုပ်စု ၄အုပ်စုထဲမှာ ကျေးရွာပေါင်း ၂၅ရွာရှိပြီး၊ အဲဒီ၂၅ရွာကနေ ဒေသခံ ၄၀၀ ကျော်ကို တပ်သားအဖြစ်ပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့က အကြောင်းကြားထားတာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဖမ်းဆီးထားတဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ဒေသခံ တစ်ယောက်ကို ပြန်လွှတ်ပေးဖို့၊ မတရားဖမ်းဆီးတာတွေ၊ ပစ္စည်းလုယူတာတွေ မလုပ်ဖို့နဲ့ လက်နက်ကိုင် အဖဲ့ွအချင်းချင်း ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ ရပ်တန့်ပေးဖို့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖဲ့ွနဲ့ တအာင်းအမျိုးသမီးအဖွဲ့အစည်းတို့က ကြေညာချက်ထုတ် ထားတာဖြစ်ပါတယ်။
အဲဒီကြေညာချက်တွေကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲကော်မတီနဲ့ ရှမ်းလူမှုအဖွဲ့အစည်းတွေထံ ပေးပို့သွားမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး RCSS/SSA နဲ့ TNLA တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတာကြောင့် ထွက်ပြေးနေတဲ့ ဒေသခံ ၃ဝဝ ကျော်ဟာ မနေ့ညက ကျောက်မဲမြို့ကို ရောက်ရှိလာပါတယ်။
ဒုက္ခသည်တွေထဲမှာ တော့ဆန်ကျေးရွာက ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမ တစ်ရာဝန်းကျင်လောက် ပါဝင်တယ်လို့ သိရပါတယ်။ တော့ဆန် ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက RCSS နဲ့TNLA တပ်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့သလို နမ့်ခမ်းမြို့နယ်အတွင်းမှာလည်း RCSS နဲ့ TNLA တပ်တွေ တိုက်ပွဲဖြစ်ပွားနေတာကြောင့် နမ့်ခမ်းမြို့နယ် လော့နော်ကျေးရွာက ဒေသခံ ၁၅ဝဝ ကျော်ဟာ မိုင်းဝီးကျေးရွာက တအာင်းစာပေနဲ့ ယဉ်ကျေးမှု ရုံးမှာ ခိုလှုံနေရပါတယ်။