ဖမ်းဆီးရမိသူ ၉ ဦးကို TNLA လွှတ်ပေး


2019.01.13
tnla-war-prisoner-free-622.jpg စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၉ ဦးကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA က လွှတ်ပေးခဲ့စဉ်
.

တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က စစ်မြေပြင်မှာ ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်း ၉ ဦးကို PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်းရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့က လွှတ်ပေးလိုက်ပါတယ်။

၅၆ နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးနေ့အခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ လွှတ်ပေးတာလို့ သိရပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ နိုဝင်ဘာလအတွင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးမှာ TNLA တပ်ဖွဲ့က ဖမ်းဆီးသွားတဲ့ ကွတ်ခိုင်အခြေစိုက်ဗျူဟာ ခလရ ၄၅ က ဗိုလ်ကြီး ချမ်းမြေ့ဇော်လည်း ပါဝင်တယ်လို့ TNLA တပ်ဖဲ့ွ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကျန်တဲ့သူတွေကတော့ တပ်ကြပ်အဆင့်ရှိသူတစ်ဦးနဲ့ တပ်သားအဆင့်ရှိသူတွေဖြစ်ပါတယ်။

မူလက ဆယ်ဦး လွှတ်ပေးဖို့ စီစဉ်ထားတာဖြစ်ပေမယ့် တစ်ဦးက လွတ်မြောက်ခါနီးမှာ အဖျားရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသွားသူဟာ နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာက ပလောင်လူမျိုးဖြစ်ပြီး မြန်မာ့တပ်မတော်က တပ်သားအဆင့်ရှိသူဖြစ်တယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

၅၆ နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးနေ့အခမ်းအနားကို ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တောတွင်းတစ်နေရာမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

အခမ်းအနားမှာ လက်ရှိရခိုင်ဒေသ ထိုးစစ်တွေ ရပ်တန့်ဖို့ တောင်းဆိုကြောင်း TNLA အဖွဲ့က သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

၅၆ နှစ်မြောက် တအာင်းအမျိုးသားလွတ်မြောက်ရေးနေ့ အခမ်းအနားကို PSLF /TNLA ဥက္ကဋ္ဌ တာအိုက်ဘုန်းနဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့သလို ဖိတ်ကြားထားတဲ့ ပြည်သူလူထု ၁၅၀၀ ဝန်းကျင်လောက် တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။