လမ်းတံတားကြေး မမှန်မကန်ကောက်ခံမှု ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ တိုင်ကြား

စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ ချင်းတောင်ကို တက်လာတဲ့ ကားတွေကို တီးတိန်မြို့နယ် ခိုင်ကမ်းကျေးရွာ Toll Gate လို့ခေါ်တဲ့ လမ်းတံတား အသုံးပြုခ ပေးဆောင်ရတဲ့ဂိတ်မှာ တာဝန်ကျသူတွေက မမှန်မကန် အခွန်ငွေ ကောက်ခံနေကြတာကြောင့် ချင်းပြည်နယ် ဝန်ကြီးချုပ် အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပေးဖို့ တီးတိန် မြို့မိ မြို့ဖတွေက မနေ့က စာရေးသား တိုင်ကြား လိုက်တယ်လို့ သိရပါတယ်။

2012.07.03
chin-state-hakha ချင်းပြည်နယ် ဟားခါးလမ်းပေါ်က ခရီးသည်တင် ဘတ်စ်ကား လမ်းချော်နေစဉ် မြင်ကွင်း။
famtogether.org

ကလေးမြို့ကနေ တီးတိန်မြို့ကို တက်မယ့်ကားတွေဟာ ခိုင်ကမ်းကျေးရွာကနေ ၂၂ မိုင်ဝေးတဲ့ သိုင်းငင်းကျေးရွာ အထိသာ အခွန်ပေးဆောင်ရမှာ ဖြစ်ပေမယ့် ဂိတ်တာဝန်ရှိသူတွေက မိုင်ပေါင်း ၁၄၀ ခန့်ရှိတဲ့ ခိုင်ကမ်း-သိုင်းငင်း-ဟားခါးအထိ အခွန်ပေးဆောင် ခိုင်းနေရတာကြောင့် နစ်နာနေရတာ ဖြစ်တယ်လို့ တီးတိန်မြို့က ကားပိုင်ရှင်တစ်ဦးက RFA ကိုပြောပါတယ်။

“တီးတိန်ကားသမားတွေက လက်ရှိမှာဆိုရင် ခိုင်ကမ်းကနေ ဟားခါးထိကို ပေးဆောင်နေရပါတယ်၊ ကျွန်တော်တို့ အမှန်တကယ် အသုံးပြုတဲ့လမ်းက သိုင်းငင်းထိပဲ သုံးပါတယ်။ သိုင်းငင်းနဲ့ တီးတိန်လမ်းပိုင်းကိုကျတော့ တီးတိန်ဂိတ်မှာ တစ်ခါ အတောင်းခံရပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က တီးတိန်ကားသမားတွေ အနေနဲ့ မိုင် ၁၄၀ အတွက် လမ်းတံတားကြေး ပေးဆောင်နေရပါတယ်။ တီးတိန်နဲ့ ကလေးမြို့က ၅၇ မိုင်သာ ဝေးပါတယ်ခင်ဗျ"

တီးတိန်နဲ့ ဟားခါး သွားတဲ့လမ်းဟာ သိုင်းငင်းကျေးရွာကနေ သီးခြားစီ ခွဲထွက်သွားတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ ကစပြီး Toll Gate လို့ ခေါ်တဲ့ အခွန်ဂိတ်တွေ ချမှတ်ဖို့ ကြေညာပြီး ခိုင်ကမ်းဂိတ်ကို မေလ ၁၂ ရက်နေ့က ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

တီးတိန်ကို တက်မယ့်ကားတွေဟာ အရင်က ဆန်တစ်အိတ် တန်ဆာခ ၈၀၀ ကျပ် ပေးဆောင်ရာကနေ အခု ၁၅၀၀ ကျပ်အထိ တိုးမြင့်လာတဲ့အတွက်ကြောင့် တီးတိန်၊ တွန်းဇံ၊ ကျီခါးနဲ့ ရိဒ်ခေါဒါရ်မြို့နယ်ခွဲတွေမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဝန်ကြီးချုပ်ထံ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒီကိစ္စကို ချင်းပြည်နယ် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပြီး Toll Gate ကို ကန်ထရိုက်ယူထားပြီး မတရားငွေ ကောက်ခံသူကို အရေးယူပေးဖို့ တင်ပြထားကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။