မြန်မာနိုင်ငံဟာ အားကောင်းတဲ့ တိုင်းပြည်လို့ ပြော
2016.01.19

တိုင်းရင်းသားပေါင်းစုံတွေ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတဲ့ တိုင်းပြည်တစ်ခုဖြစ်နိုင်သလို တစ်ချိန်တည်းမှာလည်း အဲဒီ့လိုတိုင်းပြည်မျိုးဟာ ထိလွယ်ရှလွယ် တိုင်းပြည်မျိုးဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ဖန်တီးရာရုံးခန်းမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ လူငယ်တွေ ဘာသာပေါင်းစုံ က ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Tom Malinowski က ပြောတာဖြစ်ပါတယ်။
"လူမျိုးပေါင်းစုံနေထိုင်တဲ့ တိုင်းပြည်တစ်ခုဟာ အားကောင်းတယ်လို့ ပြောလို့ရတာက မတူတဲ့သူတွေ စုပေါင်းနေထိုင်တဲ့အတွက် အတွေ့အကြုံတွေ မတူတာတွေ၊ အားအင်မတူတာတွေ၊ မတူကွဲပြားတဲ့အမြင်၊ ယဉ်ကျေးမှု၊ စွန့်ဦးတီထွင်နိုင်တဲ့ အင်အားတွေကြောင့် အားကောင်းတဲ့ တိုင်းပြည်ဖြစ်နိုင်တယ်လို့ ပြောလို့ ရတာပါ။ အမေရိကန်ပြည်ထောင်စုဟာ အင်အားကြီးတဲ့ အောင်မြင်တဲ့ တိုင်းပြည်တစ်ခုဖြစ်နေတာဟာ ဘာကြောင့်လဲဆိုတော့ တကမ္ဘာလုံးက လူမျိုးပေါင်းစုံကို လက်ခံထားပြီး တည်ထောင်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ လူမျိုးတစ်မျိုးတည်းရှိနေတဲ့ တိုင်းပြည်တစ်ပြည်ကို သုံးသပ်လို့ရတာက ပျင်းစရာကောင်းသလို မတူတဲ့ အင်အားတွေဆိုတာလည်း မရှိနိုင်ပါဘူး" လို့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး က ပြောသွားတာဖြစ်ပါတယ်။
ဒီကနေ့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေ အရပ်ဘက်အဖွဲ့တွေ အစည်းအဝေး ကို လူပေါင်း ၃၀ လောက် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ကြီး Derek Mitchell လည်း တက်ရောက်ခဲ့ပါတယ်။
အမေရိကန်အစိုးရ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski တို့ဟာ မနေ့က နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ၊ ဒေါ်အောင်ဆန်းစုကြည် ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။