ရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးမှု ဖော်ထုတ်ပေးဖို့ မစ္စတာ ကင်တားနား တောင်းဆို


2013.06.12

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် ဒေသခံရိုဟင်ဂျာ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့  စုံစမ်းစစ်ဆေးအရေးယူဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် ကင်တားနား(Tomas Quintana) က တောင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ  စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့်  ဆက်လက်ဖြစ်ပေါ်နေတာတွေကို တာဝန်ယူ ဖေရှင်းပေးမှုမရှိဘူးလို့ မစ္စတာကင်တားနားက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ  ပြီးခဲ့တဲ့နှစ်ဇွန်လ အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့စဉ်ထဲက  လူနည်းစု ရိုဟင်ဂျာတွေအရေးနဲ့ ပတ်သက်လို့လည်း ဖြေရှင်း ဆောင်ရွက်တာ လုံးဝမတွေ့ရဘူးလို့လဲ ဆိုပါတယ်။

မြောက်ဦးမြို့နယ် ပုရိန်ကျေးရွာမှာ ပြည်နယ်အစိုးရက ဒေသခံတွေကို နေအိမ် ၁ဝ ခန်းတွဲပါတဲ့ တန်းလျား ၁၆ လုံးနဲ့ နေရာချထားရေး အစီအစဉ်ကို ဒေသခံတွေကကန့်ကွက်ပြီး လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးဖို့ တောင်းဆိုတာတွေကြောင့် ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

တန်းလျားတွေ ဆောက်လုပ်ဖို့အတွက် မြစ်အတွင်းက သစ်ဝါးတွေကို အလုပ်သမား ၃၂ ဦးနဲ့ ကမ်းပေါ်ကိုတင်နေစဉ် ပုရိန်ကျေးရွာက ဒေသခံ ၄ဝဝ လောက်က တုတ်၊ ဓား၊ လေးခွ၊ ဂျင်ကလိတွေ ကိုင်ဆောင်ပြီး အနီးမှာ လုံခြုံရေးယူနေတဲ့ စစ်တပ်နဲ့ ရဲဝန်ထမ်းတွေကို ဝိုင်းဝန်း အန္တရာယ်ပြုဖို့ ကြံစည်ခဲ့တာကြောင့် စစ်တပ်နဲ့ ရဲဝန်ထမ်းတွေက သေနတ် ပစ်ဖောက် နှိမ်နင်းခဲ့ရတာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရ ပြောခွင့်ရသူ ဦးဦးလှသိန်းက ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။