ခုံကောင်စီ ဖျက်သိမ်းပေးဖို့ အလုပ် သမားခေါင်းဆောင်တွေ တောင်း ဆို
2016.01.28

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ တောင်ဒဂုံစက်မှုဇုန်က စက်ရုံ ၁ဝ ရုံမှာရှိတဲ့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ အလုပ်သမားကြား အငြင်းပွားမှုတွေကို ဖြေရှင်းပေးတဲ့ ခုံကောင်စီအဖွဲ့ကို ဖျက်သိမ်းပေးဖို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။
လှိုင်သာယာမြို့နယ် အလုပ်သမားသင်တန်းကျောင်းရုံးမှာ စက်ရုံ ၁ဝ ရုံက အလုပ်သမားခေါင်းဆောင်တွေ စုပေါင်းသတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ ခုံကောင်စီဟာ အလုပ်ရှင်တွေဘက်ကနေ ရပ်တည်ပေးနေတဲ့အတွက် ဆုံးဖြတ်ချက်တွေဟာ မမျှတဘူးလို့ Yes One အထည်ချုပ်စက်ရုံက အလုပ်သမား မဝင်းသိဂီ ၤစိုးက ပြောပါတယ်။
"ခုံကောင်စီ ဆုံဖြတ်ချက်တွေက မမှန်ကန်လို့ပေါ့နော် ခုံကောင်စီကို ဖျက်သိမ်းပေးပါပေါ့၊ တကယ်လို့ မဖျက်သိမ်းပေးဘူးဆိုရင်ပေါ့ ကျမတို့ အလုပ်သမားတွေအနေနဲ့ ရှေရှည်ဆက်လက်ရပ်တည်ဖို့က မဖြစ်နိုင်တော့လို့ ဒီဆုံးဖြတ်ချက်တွေက ဥပဒေထက်ကို ဘောင်ကျော်လွန်ပြီးတော့ ဆုံးဖြတ်ပေးနေလို့ အလုပ်ရှင်တွေဘက်ကနေပြီးတော့ ဆုံးဖြတ်ပေးနေလို့ ခုံကောင်စီကို အဓိကဖျက်သိမ်းခိုင်းတာ"
သတင်းစာရှင်းလင်းပွဲကို North Shore၊ ထိပ်တန်းမြန်မာ၊ ကျားမင်း၊ ငွေခြင်္သေ့၊ Myanmar Handsome နဲ့ Yes One စတဲ့ စက်ရုံ ၁ဝ ရုံက အလုပ်သမား ၅ဝ လောက် တက်ရောက်ခဲ့ကြပါတယ်။
လှိုင်သာယာစက်မှုဇုန်က ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့နှစ်ကုန်လောက်က လုပ်ခလစာ အပြည့်မရလို့ စက်ရုံအပြင်မှာ ဆန္ဒပြတာတွေရှိခဲ့သလို စက်ရုံတွင်းမှာ အလုပ်လုပ်ရင်း ဆန္ဒပြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီကိစ္စမှာ ခုံကောင်စီက ဆန္ဒပြအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ ကိုသာ ဖြေရှင်းပေးပြီး စက်ရုံတွင်းက အလုပ်သမားတွေရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေးတာမရှိဘူးလို့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ထိပ်တန်းမြန်မာစက်ရုံ အလုပ်သမားတွေက ပြောပါတယ်။
ခုံကောင်စီဟာ အလုပ်ရှင်၊ အလုပ်သမားကြား အငြင်းပွားမှုတွေ တိုင်ကြားမှုတွေကို ဖြေရှင်းဆောင်ရွက်ပေး ရတာဖြစ်ပြီး ခုံကောင်စီရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရတာ ဖြစ်ပါတယ်။