ထိပ်တန်းမြန်မာ ဆန္ဒပြ လုပ်သားတွေ တောင်းဆိုလစာ ကျပ်သိန်း ၃၃၀ ကျော် ရရှိ
2016.01.20

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်မှာရှိတဲ့ ထိပ်တန်းမြန်မာ အထည်ချုပ်စက်ရုံက အလုပ်သမား ၂၀၀ ကျော်ဟာ လုပ်ခတစ်လစာရဖို့အတွက် နှစ်လကျော်ကြာ ဆန္ဒပြတောင်းဆိုရာမှာ အလုပ်သမားတွေရဲ့ တောင်းဆိုမှု အောင်မြင် ခဲ့ပြီး၊ ကုမ္ပဏီက ငွေကျပ်သိန်း ၃၃၀ ကျော် ပေးအပ်လိုက်ပါတယ်။
အဲဒီလို ကုမ္ပဏီက တစ်လစာပေးဖို့ ဥပဒေနဲ့အညီဖြေရှင်းခဲ့တာကြောင့် အလုပ်သမားတွေဟာ လုပ်ခတစ်လစာပြန် ရတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အလုပ်သမားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြော ပါတယ်။
အလုပ်သမား ၂၀၀ ကျော်အတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ တစ်လစာပေးအပ်ပွဲကို လှိုင်သာယာမြို့နယ်က ကနောင်ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့တာဖြစ်ပြီး ထိပ်တန်းမြန်မာစက်ရုံဘက်က အလုပ်ရှင်ကိုယ်စား အထွေထွေ မန်နေဂျာ ဦးအောင်မျိုးက တက်ရောက်ပေးအပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွက် လုပ်အားခ တစ်လစာရရှိဖို့ အလုပ်သမားတွေက ၂လကျော်ကြာ ဆန္ဒပြတောင်းဆို ခဲ့တာဖြစ်ပြီး ခုံသမာဓိကောင်စီက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။
အလုပ်သမား ၂၀၀ ကျော်အတွက် တစ်ဦးကို ကျပ်တစ်သိန်း ခြောက်သောင်းနှုန်းရရှိမှာဖြစ်ပြီး ဆန္ဒပြတဲ့ အလုပ်သမား ၂၀၀ကျော်ဟာ ထိပ်တန်းမြန်မာစက်ရုံမှာပဲ ပြန်လည်အလုပ်လုပ်ကိုင်ကြမှာ ဖြစ်ပါတယ်။