သနပ်ပင်မြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်


2018.07.27
tornado-thanatpin-622.jpg လေဆင်နှာမောင်း တိုက်ခိုက်မှုကြောင့် သနပ်ပင်မြို့နယ်က ရွာတရွာမှာ ပျက်စီးနေတဲ့ အိမ်တစ်လုံးကို ၂၀၁၈ ဇူလိုင်လ ၂၇ ရက်နေ့ကတွေ့ရစဉ်
Photo: Myint Oo Thanatpin's Facebook

ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်မှာ လေဆင်နှာမောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာ ၁၃ ရွာက နေအိမ် ၂၅၀ ကျော် ပြိုကျပျက်စီးခဲ့ပါတယ်။

မနေ့ညပိုင်းက လေဆင်နှာမောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း ပျက်စီးခဲ့တဲ့အထဲမှာ ပါဝင်တယ်လို့ သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦး က ပြောပါတယ်။

“ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေလည်း အမိုးတွေလန်ပြီး ပျက်စီးတာရှိတယ်။ အကူ အညီတွေတော့ လောလောဆယ် မရသေးဘူး။ အမြန်ဆုံးသူတို့ အမိုးအကာတွေ ပြန်လုပ်ဖို့လည်း လိုအပ်တာပေါ့။ ရေကလည်း ခုက ကြီးနေတော့အခါကျတော့ စားဝတ်နေရေးလည်း ခက်ခဲနိုင်တယ်။ ကျန်းမာရေးလည်း မထိခိုက်အောင် စောင့်ရှောက်မှုတွေ ပေးဖို့လိုမှာပေါ့။ ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့ လိုမှာပေါ့။”

နေအိမ်ပျက်စီးသွားသူတွေဟာ ဘုန်းကြီးကျောင်းနဲ့ တခြားနီးစပ်ရာနေအိမ်တွေမှာ နေထိုင်နေကြသလို တချို့နေအိမ်တွေကို ပြန်လည်တည်ဆောက်ရေးအတွက် လုပ်ဆောင်နေကြတာတွေရှိတယ်လို့ ပြောပါတယ်။

မနက်ဖြန် ပဲခူးမြို့ကိုလာရောက်ပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဖို့ရှိတဲ့ နိုင်ငံတော် သမ္မတဦးဝင်းမြင့်ရဲ့ ခရီးစဉ်မှာ သနပ်ပင်မြို့နယ်က ဒေသခံတွေ အကူအညီအမြန်ရရှိရေးအတွက် သမ္မတကို တင်ပြသွားမယ်လို့ ဦးမြင့်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်တောင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ပဲခူးမြို့မှာလည်း ရေကြီးရေလျံမှုတွေဖြစ်နေပြီး သမ္မတ ခရီးစဉ်အတွင်း ရေကြီးနစ်မြုပ်နေတဲ့ ကျေးရွာရပ်ကွက်တွေကို သွားရောက်ကြည့်ရှုမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။