မြင်းခြံထောင်တွင်း အစာငတ်ခံ ဆန္ဒပြ ကျောင်းသားတွေ နှိပ်စက် ခံရ
2015.11.12

နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖို့ မြင်းခြံထောင်မှာ အစာငတ်ခံဆန္ဒပြတောင်းဆိုတဲ့ ကျောင်းသား ကိုစိုးလှိုင်နဲ့ ကိုစည်သူမြတ် တို့နှစ်ယောက်ကို ထောင်အာဏာပိုင်တွေက နှိပ်စက်ညှင်းပမ်းခဲ့တယ်လို့ အဲဒီကျောင်းသားတွေက ဒီနေ့တရားရုံးချိန်းထွက်ချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူတို့က အစာငတ်ခံဆန္ဒပြတာကို နိုဝင်ဘာလ ၆ ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ခေါင်းကိုစောင် နဲ့အုပ်ပြီး ရိုက်နှက်တိုက်ပိတ်လိုက်သလို၊ သောက်ရေပါဖြတ်လိုက်တယ်လို့ နှိပ်စက်ခံရတဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် မုံရွာနည်းပညာတက္ကသိုလ်က ကိုစိုးလှိုင်က အခုလိုပြောပါတယ်။
"၆ ရက်နေ့မနက် ၄ နာရီလောက်မှာ အကျဉ်းထောင်ကနေထုတ်ပြီးတော့ ကျနော့်ကို တိုက်ထဲမှာသီးခြားထားပါ တယ်၊ တိုက်ထဲကိုထည့်တဲ့အခါမှာ ကျနော့်ကို ညှိ့သကျည်းကို အုတ်ခဲနဲ့ရိုက်ခံရတယ်ဗျ၊ အထဲကိုထည့်တဲ့အခါမှာ လည်း တရွတ်တိုက်ဆွဲပြီးတော့ထည့်တယ်၊ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကျနော်တို့ကို ရေတစ်လီတာလောက်ပဲ ရတယ်၊ ၈ ရက်နဲ့ ၉ ရက်မှာ ရေလုံးဝမရလို့ ကျနော်တို့ အစာငတ်ခံဆန္ဒပြတာကို ရပ်နားလိုက်ပါတယ်"
ရေပါဖြတ်လိုက်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ အစာငတ်ခံဆန္ဒပြတာကို နိုဝင်ဘာလ ၉ ရက်နေ့မှာ ရပ်လိုက်ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူတို့ကို တရားစွဲထားတာကို ၈ လကြာအောင် စစ်ဆေးနေပေမယ့် ခုထိမဆုံးဖြတ်နိုင်သေးတဲ့ အခြေအနေကိုလည်း ဝေဖန်ထောက်ပြကြပါတယ်။
ကိုစိုးလှိုင်ဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ဗကသများအဖွဲ့ချုပ် ကိုယ်စားလှယ်ထဲမှာ ပါခဲ့သူဖြစ် ပါတယ်။ သူ့ကို မြင်းခြံနည်းပညာတက္ကသိုလ်ရှေ့မှာ နိုင်ငံတော်အလံအစား ခွပ်ဒေါင်းအလံလွှင့်တင်ခဲ့တဲ့အမှုနဲ့ စွပ်စွဲဖမ်းဆီးထားတာဖြစ်ပါတယ်။ အဲဒီနေ့က မြင်းခြံမှာ သူမရှိခဲ့ဘူးလို့လည်း ပြောဆိုထားပါတယ်။ ကိုစည်သူမြတ် ဟာ ဒီမိုကရေစီပညာရေးသပိတ်မှောက် တောင်းဆိုမှုမှာပါဝင်ခဲ့လို့ ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။
မြင်းခြံထောင်မှာ အစာငတ်ခံဆန္ဒပြလို့ ကျောင်းသားနှစ်ယောက် နှိပ်စက်ခံရတဲ့အကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားတာနားဆင်နိုင်ပါတယ်။