တောင်ကုတ်မှာ ဗုံးခိုကျင်းမတူးဖို့ စစ်ကောင်စီတပ် ခြိမ်းခြောက်

RFA Burmese
2024.02.06
တောင်ကုတ်မှာ ဗုံးခိုကျင်းမတူးဖို့ စစ်ကောင်စီတပ် ခြိမ်းခြောက် ရခိုင်ပြည်နယ် တောင်ကုတ်မြို့ အခြေအနေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ ဒေသခံတွေတူးထားတဲ့ ဗုံးခိုကျင်းတွေကို စစ်ကောင်စီတပ်က မြေပြန်ဖို့ခိုင်းပြီး ထပ်မတူးဖို့ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တောင်ကုတ်မြို့ပေါ်က နေအိမ်တွေကိုလှည့်လည်စစ်ဆေးနေပြီး ဗုံးခိုကျင်းတွေ့ရင် ဒဏ်ငွေပါဆောင်ခိုင်းနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ဗုံးခိုကျင်းတွေ့ရင် ပြန်ဖို့ခိုင်းတယ်။ ငွေသုံးသောင်း ဒဏ်ရိုက်တယ်။ ထပ်တွေ့ရင် ဖမ်းမယ်လို့ပြောတယ်။ ပြီးရင် အိမ်တစ်အိမ်မှာ လူတစ်ယောက်မကျန် ထွက်ပြေးသွားရင် အိမ်ကိုချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်တာရှိပါတယ်”

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲနဲ့ ကျောက်ဖြူတို့မြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တောင်ကုတ်မြို့မှာလည်း တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

တောင်ကုတ်မြို့ခံ သုံးပုံတစ်ပုံဟာ နီးစပ်ရာမြို့နယ်တွေနဲ့ ရန်ကုန်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေကြပြီး ထွက်မပြေးနိုင်တဲ့သူတွေကတော့ ဗုံးခိုကျင်းတူးပြီး ပြင်ဆင်နေကြတာပါ။

ဒါကို စစ်ကောင်စီက တားမြစ်လာတာဟာ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ကြံစည်နေတာလို့ တောင်ကုတ်မြို့ခံကဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲတွေဟာ သုံးလနီးပါးရှိနေပြီး ရမ်းဗြဲ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား စတဲ့မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။