တိုယိုတာကားတွေ မြန်မာမှာ စထုတ်နေပြီ
တိုယိုတာ မော်တော်ကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စက်ရုံဖွင့်ပြီး ကားထုတ်လုပ်ငန်းတွေ စတင်နေပြီလို့ ဒီကနေ့ထုတ် Nikkei Asian သတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။
တိုယိုတာ ကုမ္ပဏီဟာ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်လည်ပတ်ဖို့ ကြိုးစားခဲ့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင် စစ်အာဏာသိမ်းမှု ဖြစ်ခဲ့တာကြောင့် အချိန် ၁၉ လအကြာမှာမှ ပြန်ဖွင့်နိုင်တာ ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။
အဲဒီစက်ရုံဟာ ရန်ကုန်က သီလဝါ အထူးစီးပွားရေးဇုန်ထဲမှာ ရှိတယ်လို့လည်းဆိုပါတယ်။ Hilux ထရပ်ကားတွေကို စထုတ်နေပြီဖြစ်သလို အရောင်းကိုယ်စားလှယ်တွေကလည်း အော်ဒါတွေ စတင်လက်ခံနေပြီလို့လည်း သတင်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားပါတယ်။
နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေ၊ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီကြီးတွေ ပြန်ထွက်ခွာချိန်မှာ တိုယိုတာက လုပ်ငန်းတွေ စတင်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းက ပြန်ထွက်သွားတဲ့ ကုမ္ပဏီတွေထဲမှာ ပြင်သစ်ရေနံနဲ့သဘာဝဓာတ်ငွေ့ကုမ္ပဏီ TotalEnergies၊ အမေရိကန်ရေနံကုမ္ပဏီ Chevron၊ အော်ရီဒူးနဲ့ တယ်လီနော ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း စတဲ့ကုမ္ပဏီကြီးတွေ ပါပါတယ်။