ရောင်းစားခံရတဲ့ မြန်မာကလေး (၇) ဦး တရုတ် ရဲတပ်ဖွဲ့က ကယ်တင်
2011.11.11

Photo: AFP)
စက်ရုံက ထွက်ပြေးပြီးနောက် အဝေးပြေး လမ်းမကြီးပေါ်မှာ ၃ ရက်လောက် အစာရေစာ ပြတ်လပ်ပြီး ပင်ပန်းကြီးစွာ လမ်းလျှောက်နေတဲ့ မြန်မာ ကလေးငယ် ၂ ဦးကို ရဲက တွေ့ရှိခဲ့တာကြောင့် ကယ်တင်နိုင်ခဲ့တာလို့ အဲဒီဒေသထုတ်
သတင်းစာ တစ်စောင်က ဖော်ပြပါတယ်။
အဲဒီ ဆယ်ကျော်သက်ရွယ် မြန်မာကလေး ၂ ဦးဟာ တရုတ် မြန်မာ နယ်စပ်မှာ ကျင်းပတဲ့ အလုပ်သမား ရှာဖွေရေးပွဲ တစ်ခုမှာ စုဆောင်းခံခဲ့ရတာလို့ ဆိုပါတယ်။ စက်ရုံကို စရောက်တာနဲ့ သူတို့ နိုင်ငံကူး လက်မှတ်တွေနဲ့ လက်ကိုင်ဖုန်းတွေကို အလုပ်ရှင်က သိမ်းယူလိုက်ပြီး
ထွက်မပြေးအောင် အစောင့်တွေ ချထားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စက်ရုံကို တံခါးပိတ်ထားပြီး လုပ်ခလည်း လုံး၀ မပေးဘူးလို့ ဆိုပါတယ်။ အလုပ်ရှင်ဆီမှာ လုပ်အားခ တောင်းဆိုတိုင်း အရိုက်ခံကြရတယ်လို့ မြန်မာကလေးတွေက ပြောပါတယ်။ အဲဒီ မြန်မာ ကလေး နှစ်ယောက်ရဲ့ ဖွင့်ဟ ပြောဆိုချက်တွေအရ တရုတ်ရဲတွေက
စက်ရုံကို ဝင်ရောက် စီးနင်း ရှာဖွေရာမှာ နောက်ထပ် မြန်မာ ကလေး ၅ ယောက် တွေ့ရှိခဲ့ပါတယ်။
ဒီမြန်မာကလေးတွေ အလုပ်လုပ်ရတဲ့ နေရာဟာ ရွှွံ့တွေဗွက်တွေနဲ့ ဝက်ခြံတစ်ခုလို ညစ်ပတ် ပေရေနေတယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။ စက်ရုံ ပိုင်ရှင်ကတော့ ရဲတွေ ရောက်မလာခင် ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း၊ ဒီအမှုကို ရဲက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရပါတယ်။