နိုင်ငံတောင်ပိုင်းမှာ လေဘေးသင့်သူ ၉၀၀၀ ကျော်ရှိ၊ သုံးဦး ပျောက်ဆုံး

ကျော်လွင်ဦး၊ ဉာဏ်စိုးဝင်း
2020.09.21

တောင်တရုတ်ပင်လယ်မှာဖြစ်ပွားခဲ့တဲ့ အပူပိုင်းမုန်တိုင်း နိုလ် ကြောင့် မွန်၊ တနင်္သာရီ၊ ပဲခူးစတဲ့ တိုင်းနဲ့ ပြည်နယ် ၃ ခုမှာ လူနေအိမ် ၁၃၀ ကျော် ပျက်စီးခဲ့ပါတယ်။

လေဘေးသင့်ခဲ့ရသူ ၉၀၀၀ ကျော်ရှိပြီး အဲဒီထဲက သုံးဦးလည်း ပျောက်ဆုံးနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ် ရေးနဲ့ နေရာချထားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

အပူပိုင်းမုန်တိုင်း နိုလ် အရှိန်ကြောင့် မြန်မာနိုင်ငံက နေရာတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာ၊ ပင်လယ်ဒီရေ တက်တာ၊ လှိုင်းကြီးတာတွေ ဖြစ်ပွားခဲ့သလို တိုင်းနဲ့ပြည်နယ် ၃ ခုမှာ လူနေအိမ်တွေ ပျက်စီးခဲ့တာပါ။

စက်တင်ဘာ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မွန်၊ တနင်္သာရီနဲ့ ပဲခူးမှာ ပင်လယ်ဒီရေတက်တာ၊ လှိုင်းကြီး တာကြောင့် ပင်လယ်မြစ်ကမ်းဘေးက လူနေအိမ် ၁၃၀ လုံးဝ ပျက်စီးခဲ့ပြီး အိမ် ၉၀ ကျော်လည်း တစိတ်အပိုင်း ပျက်စီးခဲ့တာကြောင့် လူ ၉၀၀၀ ကျော်ကို ဘေးလွှတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မင်းသိန်းက ပြောပါတယ်။

ဒီအထဲမှာ ကျိုက်ထိုမြို့နယ်က မိသားစု သုံးဦး လှိုင်းနဲ့အတူ မျောပါပျောက်ဆုံးခဲ့ပြီး ထိခိုက်နစ်နာခဲ့သူတွေကို ထောက်ပံ့ပေးနေတယ်လို့ ဒေါက်တာမင်းသိန်းက ပြောပါတယ်။

“ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာမှာတော့ ဒီရေလှိုင်းတိုက်လို့ ပါသွားတဲ့အချိန်မှာ အိမ်ထဲမှာရှိတဲ့ အမေနဲ့ ကလေး နှစ်ယောက် ပါသွားတယ်၊ ပျောက်ဆုံးနေတယ်။ သေဆုံးတယ်လို့ ယူဆရတယ်ပေါ့၊ ဒါလေးရှိတယ်လို့ နားလည်ထားတယ်၊ လက်ရှိမှာတော့ ဘေးဖြစ်တဲ့ စနေ၊ တနင်္ဂနွေကစပြီးတော့ ကျနော်တို့ ဘေးစီမံဦးစီးဌာနက တာဝန်ရှိသူတွေက ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ တာဝန်ရှိသူတွေနဲ့ ပေါင်းပြီးတော့မှ ထောက်ပံ့မှုတွေ ဆောင်ရွက်နေတယ်၊ လက်ရှိမှာ ထောက်ပံ့နေဆဲဖြစ်တာကြောင့် စာရင်းပိတ်လို့ မရသေးဘူး”

ရေဘေးဒဏ်ကြောင့် ရွှေ့ပြောင်းရတဲ့လူတွေ အားလုံးကို ဆန်ရိက္ခာ တစ်ပတ်စာ ထောက်ပံ့ပေးမှာဖြစ်ပြီး နေအိမ်အားလုံး ပျက်သွားတဲ့လူတွေကို နေအိမ်အလိုက် တစ်သိန်းကနေ နှစ်သိန်းအထိ ထောက်ပံ့မှာဖြစ်ပါတယ်။ တချို့တဝက် ပျက်တဲ့သူတွေကိုတော့ တစ်သောင်းကနေ ကိုးသောင်းအထိ ပျက်စီးတဲ့အခြေအနေပေါ်မူတည်ပြီး ထောက်ပံ့သွားမယ်လို့ သိရပါတယ်။

လူသုံးကုန်ပစ္စည်းတွေ အပါအဝင် ပစ္စည်းတွေ ပင်လယ်လှိုင်းနဲ့ ပါသွားတဲ့သူတွေကိုတော့ လူသုံးကုန်ပစ္စည်း ၁၇ မျိုး ထောက်ပံ့ပေးမှာဖြစ်တဲ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ ကာလဖြစ်တာကြောင့် နှာခေါင်းစည်းနဲ့ ဆပ်ပြာ ထောက်ပံ့ဖို့လည်း ညွှန်ကြားထားတယ်လို့ ဒေါက်တာမင်းသိန်းက ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ပင်လယ်ရေတတ်တာ၊ လှိုင်းပုတ်တာကြောင့် ရေး၊ ပေါင်နဲ့ ကျိုက်ထိုမြို့နယ်တွေမှာ နေအိမ်ပြိုတာ၊ ငါးလှမ်းစင်ပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၉၀ ကျော် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ရေးမြို့နယ် အံဒင်ရွာမှာ ပင်လယ်ဒီလှိုင်းကြောင့် အပျက်အစီး များပြားတယ်လို့ ဒေသခံ ကိုမင်းဇော်က  ပြောပါတယ်။

“ဒီရေက ခန့်မှန်းတာထက် လေးပေလောက် ရှိသွားတယ်၊ အဲဒီ မိသွားတဲ့အရှိန်နဲ့ မိုးသက်လေပြင်း ကျတဲ့အချိန်နဲ့ တိုက်ဆိုက်သွားပြီး ငါးလှမ်းစင်ကြားထဲ ထိုးထားတဲ့ ပစ္စည်းတွေ၊ အောက်မှာထားတဲ့ ပစ္စည်းတွေ၊ သစ်တိုင်သစ်လုံးတွေနဲ့ ရိုက်ချပြီး တစ်စင်နဲ့ တစ်စင်၊ အားလုံးက တစင်စတာနဲ့ အားလုံးက ပျက်သွားတာပဲ”

တနင်္သာရီတိုင်းမှာလည်း ကော့သောင်း၊ ဘုတ်ပြင်း၊ ကျွန်းစု၊ လောင်းလုံစတဲ့မြို့နယ်တွေမှာလည်း ဒီရေဝင် ရောက်တာကြောင့် အိမ် ၄၃၀ ကျော်က လူပေါင်း ၁၆၀၀ ကျော်ကို ယာယီ ခိုလှုံဖို့နေရာ ၇ ခုနဲ့ နီးစပ်ရာ ဆွေမျိုးတွေအိမ်မှာ ရွှေ့ပြောင်းထားတယ်လို့ သဘာဝဘေးစီမံဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကျွန်းစုမြို့နယ် စခန်းသစ်ကျေးရွာအုပ်စုထဲက ရွာလေးရွာမှာ အိမ် ၄၄ အိမ်လုံး လုံးဝပြိုကျခဲ့ပြီး၊ တစ်ပိုင်းတစ်စ ပျက်စီးတာ ၁၂၇ အိမ် ရှိခဲ့ပါတယ်။

လက်ရှိမှာ ဒေသခံတွေဟာ  ဘုန်းကြီးကျောင်းတွေ၊ ဆွေမျိုးသားချင်းတွေနေအိမ်မှာ နေကြပြီး စားသောက်ရေးနဲ့ နေအိမ်ပြန်ဆောက်လုပ်ရေးအတွက် ခက်ခဲလိမ့်မယ်လို့ စခန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထိုက်က ပြောပါတယ်။

“နေရေးထိုင်ရေးတော့ အခက်အခဲဖြစ်တာပေါ့ဗျာ၊ ဆွေမျိုးသားချင်းအိမ်နေတယ် ဆိုပေမယ့် အဆင်တော့ မပြေဘူး၊ စီးပွားရေး အခက်အခဲဖြစ်တာပေါ့ ၊ စားဝတ်နေရေးတွေ ဘာတွေ၊ နောက်တစ်ခုက အိမ်က ဒီအချိန်မှာ ဘယ်သူမှ ပြန်မဆောက်နိုင်ဘူးလေ”

တနင်္သာရီတိုင်း အစိုးရအဖွဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုကတော့ လက်တလော ထောက်ပံ့တာတွေ လုပ်နေပြီး သွားလာရေးခက်တဲ့နေရာက စာရင်းတွေလည်း ကောက်ယူနေတာကြောင့် အကူအညီ လိုအပ်နေသူ တွေကို အမြန်ဆုံးထောက်ပံ့ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

“ဒီမုန်တိုင်းကြောင့်ဖြစ်တာမှာ ကျွန်းစုက အိမ်ပြိုတာများတယ်၊ ကျန်တဲ့နေရာက အိမ်မပြိုဘူး၊ အိမ်ကနေ ရေဝင်လို့ ထွက်သွားရတဲ့သူတွေကို စားသောက်စရိတ် ထောက်ပံ့ပြီးသွားပြီ၊ ကျွန်းစုကတော့ မိုးလေဝသ အခြေအနေအရ သွားလို့မရသေးဘူး၊ လှေနဲ့သွားလို့ မရသေးလို့ မဆင်းရသေးဘူး၊ သူတို့မှာက မသွားလည်း ကိစ္စမရှိဘူး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံး ဟိုမှာ စုံနေတယ်၊ ထောက်ပံ့တာက အမြန်ထောက်ပံ့မယ်၊ စာရင်းတွေ ထွက်ရင်။ စာရင်းတွေလည်း ချက်ချင်းတင်ကြတယ်”

အပူပိုင်းမုန်တိုင်း နိုလ်ကြောင့် မွန်၊ တနင်္သာရီ၊ ပဲခူး၊ ရန်ကုန်၊ ကရင် စတဲ့ ပြည်နယ်တိုင်းတွေမှာ နေရာကွက်ပြီး မိုးရွာခဲ့သလို့ တချို့နေရာတွေမှာ မိုးကြီးတာကြောင့် ရေကြီးတာတွေ၊ လမ်းတွေပျက်တာတွေလည်း ဖြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။