မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်း မုန်တိုင်း ဝင်ရောက်ဖွယ်ရှိ
2013.08.02

လက်ရှိ တောင်တရုတ်ပင်လယ်မှာဖြစ်နေတဲ့ ဂျက်ဘီ (Jebi) တိုင်ဖွန်းလေမုန်တိုင်းဟာ မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေကို မကြာမီရက်ပိုင်းအတွင်း ဝင်ရောက်လာနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒီမုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ဝင်ရောက်လာနိုင်ဖွယ်ရှိတဲ့အတွက် မိုးများနိုင်တာမို့ ရေကြီးတာတွေ နဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က RFA ကို ပြောပါတယ်။
"အဲဒီအတိုင်းသွားမယ် ၅ ရက်နေ့မှာ ကျနော်တို့ဘက်ကို ရောက်နိုင်တယ်လို့ ခန့်မှန်းထားတယ်၊ ကျနော်တို့အတွက် အရေးကြီးတယ်၊ အခုကချင်၊ စစ်ကိုင်းတိုင်းအထက်၊ ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်းမှာ မိုးကောင်းနေတော့ အဲဒီတစ်ချက် နောက် ဒီကောင်ရောက်လာလို့ မိုးထပ်ရွာရင် ရေကြီး တဲ့ပြဿနာက ပိုဆိုးသွားမှာပေါ့”
အဲဒီမုန်တိုင်းအရှိန်ကြောင့် ကချင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ အနောက်မြောက်အခြမ်းတို့မှာ မိုးများပြီးမြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာလည်း မိုးများပြီး ရေကြီးနေတဲ့အတွက် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းတို့မှာလည်း ဒေသခံတွေ ဒုက္ခရောက်နေကြသလို စပါးစိုက်လယ်မြေတွေလည်း ရေဖုံးလွှမ်းနေပါတယ်။
လမ်းပန်းဆက်သွယ်ရေးပိုင်းတွေ ပြတ်တောက်သွားတဲ့အတွက် သွားလာရေးတွေ ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒီနှစ်မိုးရာသီကာလအတွင်း မြန်မာနိုင်ငံဒေသအချို့မှာ ရေဘေးအန္တရာယ်အတွက် အထူးသတိထားဖို့ လိုအပ်ကြောင်းလည်း ဦးထွန်းလွင်က ဆက်လက်သတိပေးပြောပါတယ်။