ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ်မှာ ကုန်ကား ၃၀၀ ခန့် ပိတ်မိနေ

အဲလိဇဘက်ဂျန်မာ
2020.04.13

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းကနေ တရုတ်နိုင်ငံထဲ ဝင်မယ့် မြန်မာနိုင်ငံသား ကုန်တင် ယာဉ်မောင်းတွေကို ဒီမနက်ကစပြီး တရုတ်ဘက်က ဝင်ခွင့်မပေးတော့ပါဘူး။ ဒါကြောင့် ဒီနေ့တင်ပို့မယ့် ကုန်တင်ယာဉ်အစီးရေ ၃၀၀ လောက် နယ်စပ်ဂိတ်မှာ ပိတ်မိနေပါတယ်။

တရုတ်အာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့်ဆိုပြီး အရင်က ယာဉ်မောင်းတစ်ယောက်ပဲ ဝင်ခွင့် ပြုရာကနေ အခု ယာဉ်မောင်းတွေကိုပါ ဝင်ခွင့်မပေးတော့ဘူးလို့ ကုန်တင်ယာဉ်မောင်း ကိုရဲမင်းဇော်က ပြောပါတယ်။

တရုတ်ဘက်ကတော့ မြန်မာကုန်တင်ယာဉ်မောင်းတွေကို လက်မခံတော့ဘဲ တရုတ်နိုင်ငံက ယာဉ်မောင်းတွေကို အစားထိုးဖို့ဆိုပေမယ် ကားသမားတွေနဲ့ ကားပိုင်ရှင်တွေကတော့ သူတို့ရဲ့ယာဉ်တွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေကြတယ်လို့ ယာဉ်မောင်း ဦးကိုဦးက ပြောပါတယ်။

အရင်အတိုင်း မြန်မာယာဉ်မောင်းတွေ ဝင်လို့ရအောင် (ဒါမှမဟုတ်) ဗန်မော်၊ မိုးမောက် ကလာတဲ့ သစ်သီးကား တွေကို လွယ်ဂျယ်ဂိတ်မှာပဲ ချဖို့ဆိုပြီး နှစ်ဘက်လုပ်ငန်းရှင်တွေက ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ကချင်ပြည်နယ် လဝက ဝန်ကြီး ဦးဇော်ဝင်းက ပြောပါတယ်။

ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ မြန်မာယာဉ်မောင်းတွေ တရုတ်နိုင်ငံထဲဝင်ခွင့် ရ၊ မရ ဆိုတာ ကိုတော့ မသိရသေးဘူးလို့လည်း ဝန်ကြီးကပြောပါတယ်။

လွယ်ဂျယ်ဂိတ်ကနေ တစ်ရက်ကို တရုတ်တစ်သျူးငှက်ပျောနဲ့ ဖရဲသီး ကားအစီးရေ ၃၀၀ လောက် တရုတ်ပြည်ထဲ ဝင်နေတာဖြစ်ပြီး တရုတ်ဘက်က ဝင်တာတော့မရှိဘူးလို့ ကားသမားတွေက ပြောပါတယ်။

အခုခုချိန်ထိတော့ ကချင်ပြည်နယ်က တရုတ်ကုန်သွယ်ရေး နယ်စပ်ဂိတ်တွေကို တရားဝင် ပိတ်လိုက်တာ မရှိသေးပေမယ့် ခရီးသည် အဝင်အထွက်ကိုတော့ ဧပြီလဆန်းကစပြီး ပိတ်လိုက်ပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါတွေ့သူ ရှိလာတာနဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ မြန်မာ နိုင်ငံသား ယာဉ်မောင်းဝင်ရောက်မှုကို တရုတ်ဘက်က စတင် ကန့်သတ်လာတာပါ။

တရုတ်နိုင်ငံမှာ ကိုရိုနာရောဂါ စတင်ဖြစ်ပွားချိန်မှာတော့ တရုတ်ဘက်က ကန့်သတ်ပိတ်ခဲ့တာ မရှိခဲ့သလို မြန်မာဘက်ကလည်း ကန့်သတ်ပိတ်ခဲ့တာတွေ မရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။