ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မယ့် ငါးမြစ်ချင်းကားတွေ အငူမော်ဆိပ်ကမ်းမှာ ပိတ်မိနေ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် အငူမော် - မောင်တောကားလမ်းကို စစ်ကောင်စီတပ်ဘက်က ပိတ်လိုက်တာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့မယ့် ငါးမြစ်ချင်းကားတွေ ပိတ်မိ နေတယ်လို့ ကုန်သည်တွေက RFA ကို ပြောပါတယ်။
အငူမော်ဆိပ်ကမ်းကနေ ဘူးသီးတောင်၊ မောင်တော ကားလမ်းတစ်လျှောက်ကို ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ ချိန်ခါလီရွာအနီးမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပြီးကတည်းက ရက် အကန့်အသတ်မရှိ ပိတ်လိုက်တာပါ။
ငါးမြစ်ချင်းဟာ မြန်မာနိုင်ငံကနေ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကနေတစ်ဆင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အဓိကတင်ပို့နေတဲ့ ပို့ကုန်တစ်ခုဖြစ်ပြီး လမ်းပိတ်လိုက် တာကြောင့် လက်ရှိ ကုန်တင်ကား လေးစီးစာ တန် ၃၀ နီးပါး ပိတ်မိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ပိတ်မိနေတာ သုံးရက်ရှိပြီဖြစ်ပြီး နောက်ရက်အနည်းငယ်ဆို အကုန်ပျက်စီးတော့မယ်လို့ မေယုတော်ဝင်ကုမ္ပဏီ ပိုင်ရှင် ဦးသန်းနိုင်က RFA ကို ပြောပါတယ်။
"ကျနော့်ကား နှစ်စီးရယ်၊ နောက်ထပ် ကုန်သည်တစ်ယောက်ရဲ့ ကားနှစ်စီးရယ် အငူမော်ဆိပ်ကမ်းမှာ ပိတ်မိနေတယ်။ အခုဆိုရင် ပိတ်မိနေတာ သုံးရက်ရှိပြီ။ နောက်ထပ် ရက်နည်းနည်းဆိုရင် ငါးတွေက ပျက်စီးတော့မယ်။ မောင်တောကိုလည်း သွားလို့မရ၊ စစ်တွေကိုလည်း ပြန်ဆုတ်လာလို့မရ ဖြစ်နေတာ"
နယ်စပ်ကုန်သွယ်ရေးကားတွေ ပိတ်နေတဲ့အပေါ် အချိန်မီရောက်ရှိနိုင်ရေး ကူညီပေးဖို့ ဌာနဆိုင်ရာတွေကို တင်ပြထားပေမယ့် ဒီနေအချိန်အထိ အကြောင်းပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
ကားတစ်စီးမှာ ငါးမြစ်ချင်းတန်ဖိုး ကျပ်သိန်း ၃၅၀ အထိပါရှိပြီး ပုပ်သိုးလွယ်တဲ့ ငါးစိမ်းတွေ ဖြစ်တာမို့ ဒီရက်ပိုင်းအတွင်း မပို့နိုင်ရင် သိန်း ၁၄၀၀ ကျော်လောက်အထိ ဆုံးရှုံးနိုင်တယ်လို့ မေယုတော်ဝင်ကုမ္ပဏီ ပိုင်ရှင်က ပြောပါတယ်။
ရေချမ်းပြင်ဘက်မှာပဲ ရှိသေးတဲ့ တချို့ကုန်သည်တွေရဲ့ ကားတွေကတော့ စစ်တွေမြို့ကို ပြန်သွားပြီး ရွှေမင်းဂံ ကုန်သွယ်ရေးစခန်းကနေ တင်ပို့ဖို့ ကြိုးစားနေကြတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ဘင်္ဂလားဒေ့ရှ်ကိုတင်ပို့တဲ့ စစ်တွေမြို့ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေး စခန်းနဲ့ မောင်တော မြို့နယ် ကုန်သွယ်ရေး စခန်းနှစ်ခုရှိပြီး တစ်လကို အမေရိကန်ဒေါ်လာ နှစ်သန်းကျော်အထိ ကုန်သွယ်မှုပြုလုပ်နေတယ်လို့ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင်များအသင်းရဲ့ စာရင်း အရ သိရပါတယ်။
အဲဒီနယ်စပ်ကုန်သွယ်ရေးကို ပြီးခဲ့တဲ့ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ပြန်လည်ဖွင့်လှစ်ခဲ့တာပါ။