ပြည်တွင်းကုန်တင်ကားများ တန်ချိန်ပို တင်ဆောင်ခွင့် ပြန်လည်ရရှိ

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့- အာဆီယံ ရဲ့ မူအရ ကုန်တင်ကားတွေ ကုန်ချိန်အတိအကျ အတိုင်း တင်ဆောင်ပြေးဆွဲနေကြရာက စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတ်မှတ်ချက် လျှော့ပေါ့ပြီး မတ်လ ၁၀ ရက် ဒီနေ့ကစလို့ အရင်လိုပဲ တန်ချိန်ပို တင်ဆောင်ခွင့် ပေးလိုက်ပြီလို့ သိရပါတယ်။

2011.03.10
chinese_cargo_truck_305_z.jpg တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်များ သယ်ယူပို့ဆောင်နေသော ကုန်တင် ထရပ်ကားကြီးတစင်းကို မန္ဈလေးမြို့အနီးတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA / Tyler Chapman)
(Photo: RFA / Tyler Chapman)
တန်ချိန်ကိုက် ကုန်တင်ရတဲ့အခါ ယာဉ်ပိုင်ရှင်တွေရော ကုန်သည်တွေရော တွက်ခြေမကိုက်ပဲ ဈေးနှုန်း အဆင့်ဆင့် တင်ရပြီး နောက်ဆုံး စားသုံးသူတွေပဲ ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ခံရတာမို့ အာဏာပိုင်တွေဖက် ပြန်လည် ဦးလှည့်လာမှာ စိုးရိမ်ပြီး တန်ချိန်ပို ပြန်တင်ခွင့် ပေးဟန်တူတယ်လို့ ရန်ကုန် စာနယ်ဇင်းသမား တဦးက ပြောပါတယ်။

“တန်ပိုတွေ အကုန်လုံး ကင်းလွတ် ပြန်ပေးလိုက်ပြန်ပြီ။ သတ်မှတ်ထားတဲ့ တန်ပိုထက် ပိုတင်ရင် ဒဏ်ရိုက်မယ်တောင် ပြောတာကိုး။ အခုက လုံးဝ ကင်းလွတ်သွားပြန်ပြီ။ Transport စရိတ်တွေ တက်လာတယ်လေ။ အဓိက ဒီ charges တက်လာတာတွေကို ပြန်ထိန်းတဲ့ ဥစ္စာမှာ ဒီတပေါက်ကို တွေ့လို့ ဒီဥစ္စာကို လုပ်လို့ရလို့ သူတို့ လုပ်တာပေါ့။ ဒါက သူတို့ နိုင်တဲ့ ကိစ္စလေ။ တင်တာ သူ့ဟာသူ တင်ပလေ့စေပေါ့။ ဟုတ်တယ် မဟုတ်လား။ ဒါကို လွှတ်ပေးတာပဲ။ သူတို့ effect ဖြစ်မှာ စိုးလို့ပါ။ စီးပွား ကူးသန်းက လုပ်တာ။”

ကုန်ပစ္စည်းတွေကို သတ်မှတ် တန်ချိန်ကိုက် တင်ဆောင်ဖို့ မနစ်က စက်တင်ဘာမှာ စတင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တပြည်လုံး လိုက်နာခဲ့ရပြီး ကုန်ဈေးနှုန်းတွေ ပိုတက်လာပါတယ်။

အာဆီယံ စီးပွားရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် သယ်ယူပို့ဆောင်ရေး၊ ပြန်ကြားရေး၊ ဆက်သွယ်ရေးနဲ့ နည်းပညာနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ကြဖို့ ထိုင်းနိုင်ငံမှာ ၂၀၀၉ အောက်တိုဘာလမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ပါတယ်။ အဲဒီမူအရ ကုန်တင်ကားတွေကို တန်ချိန်ကိုက် တင်ဆောင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။