မဟာချိုင်က မြန်မာတစ်ရာကျော် အလုပ်ထုတ်ခံရ
2016.07.14

ထိုင်းနိုင်ငံ မဟာချိုင်မှာရှိတဲ့ တူနာ ငါးသေတ္တာစက်ရုံက ရရှိသင့်တဲ့ လုပ်အားခကို တောင်းခဲ့ကြသူ မြန်မာ အလုပ်သမား တစ်ရာကျော် အလုပ်ထုတ်ခံရတယ်လို့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။ မြန်မာ အလုပ်သမားတွေနဲ့အတူ အလုပ်အတူတူလုပ်တဲ့ ကမ္ဘောဒီးယားလုူမျိုး ၁၀၀ ခန့်လည်း ရသင့်တဲ့ငွေကို တောင်း တာကြောင့် အလုပ်ထုတ်ခံလိုက်ရပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေဟာ အလုပ်လုပ်ခွင့်ပါမစ် ပန်းရောင်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်တွေ အပြည့်အစုံရှိတဲ့ တရားဝင်အလုပ်လုပ်ခွင့်ရှိ အလုပ်သမားတွေဖြစ်ကြပါတယ်။ သူတို့ရရှိသင့်တဲ့ လုပ်ခငွေ ဟာ ၁ လခွဲစာဖြစ်ပြီး အလုပ်ရှင်က လုပ်ခ ၁ လစာသာပေးပြီး အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားတွေကို အကူအညီပေးနေတဲ့ AAC အဖွဲ့က ကိုရဲမင်း က ပြောပြပါတယ်။
"သူတို့လုပ်အားခ ၄၅ ရက်စာကို ၁၅ ရက်တစ်ခါ ၁၅ ရက်တစ်ခါနဲ့ သုံးပတ်တောင်ကျော်သွားလို့ သုံးစရာမရှိတော့ လို့ တောင်းတာကို မပေးတော့ အလုပ်သမား ၂ဝဝ နီးပါးလောက်က အလုပ်သမားရုံးနဲ့ ကျနေ်ာတို့ AAC အဖွဲ့ကို လာရောက်တောင်းဆိုတော့ အလုပ်ရှင်က အဲ့ဒါကိုသိသွားပြီးတော့ သူတို့သွားတိုင်ရမလားဆိုပြီး မကျေနပ်ဘူးပေါ့ ၊ အဲ့ဒါနဲ့ သူတို့ကို အလုပ်ဖြုတ်လိုက်တာပါ၊ အဲ့အလုပ်သမား ၂ဝဝ ကျော်ထဲမှာ ကမ္ဘောဒီးယားလူမျိုးက ၁ဝဝ ကျော် နဲ့ မြန်မာက ၁ဝဝ နီးပါးပါခင်ဗျ၊ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ဆင်းလာပြီးတော့ ဒီအလုပ်သမားတွေ လုပ်အားခအကျန်တွေနဲ့ ထိုက်သင့်တဲ့နစ်နာမှုတွေပေါ့၊ နောက်အလုပ်ပြောင်းရွှေ့ဖို့တွေ လာစီစဉ်ပေးတယ်"
အလုပ်ရှင်က အလုပ်သမားတွေကို တစ်လစာ လစာထုတ်ပေးပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး ချက်ခြင်း သူတို့နေထိုင်ရာ စက်ရုံဝင်းထဲက ထွက်ခိုင်းခဲ့ပါတယ်။ အလုပ်သမားတွေကို မဟာချိုင်မှာရှိတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ယာယီနေထိုင်ဖို့ AAC က စီစဉ်ပေးပြီး ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကလည်း ဆန်နဲ့ စားနပ်ရိက္ခာများ လာရောက်ပို့ဆောင်တယ်လို့ သိရပါတယ်။
ခုလိုမြန်မာအလုပ်သမားတွေ မတရား အလုပ်ဖြုတ်ခံရတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်လျောက်ရေးအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်သွားမယ်လို့ AAC အဖွဲ့က ကိုရဲမင်း က ပြောပါတယ်။
ထိုင်းနိုင်ငံမဟာချိုင်ရှိ ငါးသေတ္တာစက်ရုံက အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမား ၁၀၀ ကျော်ကိစ္စနဲ့ ပတ်သက်ပြီး စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဝင်းထိုက် ကို ဦးတင်အောင်ခိုင် က ဆက်သွယ်မေးမြန်းထား ပါတယ်။