ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့ အမှိုက်ပုံးမှာ လက်လုပ်ဗုံးတွေ့ရှိ


2017.12.04
myanmar-embassy-bomb-622.jpg ဘန်ကောက်မြို့ မြန်မာသံရုံးမှာ တွေ့ခဲ့တဲ့ ဗုံးနှစ်လုံးကို မိုင်းရှင်းလင်းရေးတပ်ဖွဲ့က လာရောက်ရှင်းလင်းခဲ့စဉ်
Photo: Aung Moe Myint/RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ပတ်စပို့ ထုတ်ပေးရေးရုံးရှေ့ မှာ ဒီကနေ့ ဒီဇင်ဘာလ ၄ ရက် မနက် ၁၁ နာရီခန့်က မပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးနှစ်လုံး တွေ့ရှိခဲ့ပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက အချိန်မီ ရှင်းလင်းနိုင်ခဲ့တယ်လို့ မြန်မာအလုပ်သမား သံအရာရှိ တစ်ဦးက ပြောပါတယ်။

မည်သူမည်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဗုံးတွေ့ရှိခဲ့တာကတော့ ဘန်ကောက်မြို့ စီးလုံ ၁၃ လမ်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပတ်စ်ပို့ ထုတ်ပေးနေတဲ့ မြန်မာသံရုံးရှေ့က အမှိုက်ပုံးမှာ အဲဒီမပေါက်ကွဲသေးတဲ့ဗုံးကို အမှိုက်လာ သိမ်းသူက စတင်တွေ့ရှိ ခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ကို တိုင်ကြားလိုက်တဲ့အတွက် မိုင်းရှင်းလင်းရေးတပ်ဖွဲ့က လာရောက် ရှင်းလင်းခဲ့တာကြောင့် အချိန်မီ ရှင်းလင်းနိုင်ခဲ့တယ်လို့ အခင်းဖြစ်ပွားရာကို မြင်တွေ့ခဲ့တဲ့ မြန်မာနိုင်ငံသား ကိုဂျွန်နီ က RFA ကို အခုလို ပြောပါတယ်။

"လာပြီးတော့မှ ထားထားတာ ဒီ ပတ်စပို့ထုတ်တဲ့ ရုံးရှေ့နားမှာ၊ နှစ်လုံးပေါ့၊ ၁၁ နာရီပတ်ဝန်းကျင်၊ အရင်တုန်းက VISA Station ကျနော်တို့ ဒီ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဒီ ပတ်စပို့တွေ ဘာတွေ တင်တဲ့နေရာပေါ့၊ လမ်းကြားလမ်းပေါ့။ ရုံးရဲ့ အရှေ့ထောင့်မှာပေါ့ အပြင်မှာ လမ်းဘေး၊ ဗုံးရဲ့အမျိုးအစားတွေကတော့ အတိ အကျတော့ မသိရသေးဘူး၊ ဒါပေမဲ့ စိုးရိမ်တာပေါ့ဗျာ၊ အကုန်လုံး လမ်းတွေဘာတွေ ပိတ်ပြီးတော့ ဟိုဖက်ရှေ့ပေါက် ဒီဖက်ရှေ့ပေါက်၊ အထဲမှာရှိတဲ့လူတွေက အဲမှာ လန့်ဖျန့် ကျနော်တို့က ကလေးတွေနဲ့ ပါတယ်ဆိုတော့ လည်း တော်တော်လေး ဟိုဥစ္စာ ဖြစ်သွားတာပေါ့ ထိပ်လန့်သွားတာပေါ့။"

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ကို ဆက်သွယ်မေးမြန်းရာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုပြီး ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ ဖော်ထုတ်နိုင်ဖို့အတွက် စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ RFA ကို ပြောပါတယ်။

"အလန့်သဘောမျိုးလုပ်တဲ့ဟာပါ။ သူက ကွန်ဂျူးပိုက်နဲ့ လက်လုပ်ထားတဲ့ဟာ၊ ချောက်တဲ့သဘောမျိုးပေါ့နော်။ ကျနော်တို့ အဲဒါတော့ သူတို့ ထိုင်းရဲ BE အဖွဲ့က သူ့ကို မိုင်းရှင်းတဲ့အဖွဲ့က ရှင်းပြီးတော့ သူ့ဟာသူယူသွားပြီ။ သူတို့ လက်ဗွေတို့ ဘာတို့ သူဟာသူ ယူပြီးတော့မှ သူတို့လိုက်မှာပါ။ လုံခြုံရေးက အခုပေါ့နော် သူတို့ အင်အားတော့ ကျနော်တို့ နည်းနည်းတိုးပြီးထားတာ တွေတော့တွေ့တယ်။"

အခုလို မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိမှု ဖြစ်ပွားခဲ့ချိန်မှာ မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ပတ်စပို့ရရှိဖို့ လာရောက်ကြသူ အများစုဟာ စိုးရိမ်ထိတ်လန့်ခဲ့ကြပေမယ့် မိုင်းရှင်းလင်းပြီးနောက်ပိုင်းမှာတော့ မြန်မာသံရုံးကနေ ပုံမှန်ပြန်လည်လုပ်ကိုင်ပေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အဲဒီအထုပ်ကို ထိုင်းရဲများက စစ်ဆေးရာမှာ အထုပ် အတွင်းမှ နာရီနှင့် ပလပ်စတစ်ပိုက်ကို တိတ်များနဲ့ပတ်ထားပြီး၊ ပလပ်စတစ်ပိုက်အတွင်း ဆန်များထည့်ထားတဲ့ fake bomb ဖြစ်နေတာတွေ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။