ချင်းပြည်နယ်မှာ ဆေးမှူး ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ

RFA Burmese
2023.01.14
ချင်းပြည်နယ်မှာ ဆေးမှူး ဗိုလ်ကြီးနှစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့မှ စစ်ကောင်စီ ဆေးတပ်ဖွဲ့အရာရှိတချို့အား တွေ့ရစဉ်။
Myanmar Military

ချင်းပြည်နယ် ထန်တလန်မြို့နယ် လုံလဲရ်တိုက်နယ်ဆေးရုံကို စေလွှတ်ခဲ့တဲ့ စစ်ကောင်စီ တပ်ရဲ့ ဆေးမှူးဗိုလ်ကြီး နှစ်ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီလ ၁၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဝေးလံတဲ့ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်တဲ့ စစ်ဆေးဆရာဝန်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားတစ်ခုကို နေပြည်တော်မှာ ဇန်နဝါရီလ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ စစ်ကောင်စီဥက္ကဋ္ဌက အခုလို ပြောဆိုခဲ့တာပါ။

တတိယအကြိမ်စေလွှတ်ခဲ့တဲ့ ဆေးမှူး ၄၆ ဦးထဲက နှစ်ဦးဟာ ထန်တလန်မြို့နယ် လုံလဲရ်တိုက်နယ်ဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ဗိုလ်ကြီး လှိုင်မြင့်ထွန်းနဲ့ ဗိုလ်ကြီးဝင်းကျော်တို့ သေဆုံးခဲ့တာလို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ လုံလဲရ်ကျေးရွာအနီး စစ်ကောင်စီတပ်စခန်းတစ်ခုကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CDF) က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ CDF က စစ်ကောင်စီတပ်စခန်းကို စက်တင်ဘာလ ၁၁ ရက်ညမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

စစ်တပ်က ၂၀၁၆ ခုနှစ်ကစပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေဆီ ဆေးမှူးတွေကို နှစ်နှစ်တစ်ကြိမ်စေလွှတ်ခဲ့ပါတယ်။ လုံလဲရ်မှာ သေဆုံးခဲ့တဲ့ ဗိုလ်ကြီးနှစ်ဦး အပါအဝင် တတိယအကြိမ် ဆေးမှူး ၄၆ ဦးစေလွှတ်မှုကို ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့ပြီး သူတို့ဟာ ၂၀၂၂ ခုနှစ်မှာ တာဝန်ပြီးဆုံးခဲ့တာပါ။

၂၀၂၂ ခုနှစ်မှာတော့ စတုတ္ထအကြိမ်အဖြစ် နောက်ထပ် ဆေးမှူး ၁၈ ဦးကို စေလွှတ်ထား တယ်လို့ စစ်ကောင်စီတပ်က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။