တပ်က ပေါ်တာအဖြစ် ဖမ်းသွားသူတွေထဲက ကလေးနှစ်ဦး သေဆုံး
2020.10.06
ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာအပြင်မှာ နွားကျောင်းနေကြတဲ့ ရိုဟင်ဂျာ ကလေးငယ်တွေနဲ့ လူကြီး စုစုပေါင်း ၁၅ ယောက်ကို တပ်မတော်စစ်ကြောင်းတစ်ခုက အောက်တိုဘာ ၅ ရက်နေ့ မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာ လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ခေါ်သွားပြီးနောက် တစ်နာရီလောက်အကြာမှာတော့ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာကြောင့် အသက် ၁၀နှစ်နဲ့ ၁၁နှစ်အရွယ် ကလေးနှစ်ဦး သေဆုံးခဲ့ပြီး လူကြီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"စစ်ကြောင်းတစ်ခုက လမ်းတစ်ပိုင်းမှာ နွားကျောင်းနေတဲ့ ကလေးတွေလည်းပါတယ်၊ အသက် ၇၀ ကျော် လူကြီးလည်းပါတယ် ၁၅ယောက်ကို ပေါ်တာဆွဲပြီးတော့ လမ်းပြဖို့ ခေါ်သွားတယ်၊ ခေါ်သွားတော့လမ်းမှာ မိုင်းတွေဘယ်ဟာက မိုင်းဆိုတာ သူတို့ကို ပြလိုက်တယ်၊ အဲလို လမ်းအတိုင်း သွားပြီးတော့ တိုက်ပွဲဖြစ်တာမှာ နှစ်ယောက် သေသွားတယ်၊ တစ်ယောက်တော့ ဆေးရုံမှာ တင်ထားရတာရှိတယ်"
တိုက်ပွဲသံတွေကြားလို့ နောက်ကနေ လိုက်သွားတဲ့ ဒေသခံတွေက ကလေးနှစ်ယောက် အလောင်းနဲ့ ဒဏ်ရာရသူ တစ်ယောက်ကို ရွာဘက် ပြန်လည်သယ်ဆောင်ခဲ့ကြတာလို့ ဆိုပါတယ်။
ခေါ်ဆောင်ခံရသူတွေထဲက ၁၂ ယောက်ကတော့ ထွက်ပြေးလာတာကြောင့် မနေ့ည ၈ နာရီလောက်က ရွာကို ပြန်ရောက်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သေဆုံးခဲ့တဲ့ ကလေးနှစ်ဦးကို ဒီနေ့မှာပဲ သင်္ဂြိုဟ်လိုက်ပြီး ဒဏ်ရာရတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသား တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဘူးသီးတောင်မြို့ပေါ်ကို ပို့ဆောင် ကုသနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မနေ့က ပြင်ရှည်ရွာရဲ့ အခြေအနေကို ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေလည်း သိထားပါတယ်။
"နွားကျောင်းတဲ့ကလေးတွေကို ခေါ်သွားတယ်၊ တောင်ကျော်လမ်းမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားတယ်၊ တိုက်ပွဲဖြစ်တော့ နှစ်ယောက်လောက် ဆုံးသွားတယ်၊ တစ်ယောက်ကတော့ ဘူးသီးတောင်ဆေးရုံကို ရောက်နေတယ်၊ မနက်ပိုင်းက ဖုန်းဆက်ပြီးတော့ ပြောတယ်"
မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဥပဒေအရ ပဋိပက္ခဖြစ်ပွားရာနေရာက ကလေးတွေအပေါ် လူအခွင့်အရေး မချိုးဖောက်ဖို့ တားမြစ်ထားပြီး အန္တရာယ်ရှိတဲ့ စစ်မြေပြင်မှာ အတင်းအကျပ် လမ်းပြအဖြစ်ခေါ်တာ၊ လက်နက်သယ်ခိုင်းတာ စတဲ့အသုံးချတဲ့ လုပ်ရပ်တွေဟာ ဥပဒေကိုချိုးဖောက်သလို ဥပဒေပါရာဇဝတ်မှုတွေကိုလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ရန်ကုန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခတွေထဲမှာ ကလေးသူငယ်တွေအပေါ် အကာအကွယ်ကင်းမဲ့နေတယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
"ဒီကိစ္စမျိုးဟာ လုံးဝ မလုပ်သင့်ဘူး အထူးသဖြင့် လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေကို အကာအကွယ်ပေးရမယ့်အစား အခုလို အန္တရာယ်ရှိစေတဲ့ နေရာမှာ အသုံးချပြီးတော့ အသက်သေဆုံးမှု တစ်ခုကလည်း ကျနော်မြန်မာနိုင်ငံကို အရင်တုန်းက နိုင်ငံတကာကနေ၊ ကုလသမဂ္ဂကနေ စွပ်စွဲထားတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာရှိတဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက်မှု ကင်းမဲ့နေတယ်ဆိုတဲ့ အချက်ကို ပိုပြီးတော့ နောက်ကြောင်းပြန်နေတဲ့ ပုံစံမျိုးတွေ့ရပါတယ်"
အရပ်သားတွေကို စစ်မြေပြင်မှာ လူသားဒိုင်းအဖြစ် အသုံးပြုတဲ့လုပ်ရပ်ကို ဦးအောင်မျိုးမင်းက ကန့်ကွက် ရှုတ်ချပြီး ဒီလိုလုပ်ရပ်တွေကို နိုင်ငံတကာက အရေးယူတာတွေ ပိုဖြစ်လာနိုင်စေတယ်လို့လည်း ကောက်ချက်ချပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပြင်ရှည်ရွာက ပြင်ရှည် ရွာသားတွေကို AA အဖွဲ့က ပစ်ခတ်သွားတာဖြစ်ကြောင်းနဲ့ သေနတ်သံကြားလို့ သွားကြည့်တဲ့အချိန်မှာ နှစ်ယောက် သေဆုံးနေတာကို တွေ့ရကြောင်းနဲ့ ဒဏ်ရာပြင်းထန်သူ တစ်ယောက်ကို တပ်မတော် ဆေးရုံမှာ ကုသမှုပေးထားကြောင်း ပြောပါတယ်။ အဲဒီဒဏ်ရာရသူဟာ ဒီနေ့မနက်က သတိပြန်လည်ရနေပြီဖြစ်ကြောင်း ပြောပါတယ်။
ရက္ခိုင့်တပ်တော် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကတော့ ပြင်ရှည်ရွာသားတွေကို တပ်မတော်က ပေါ်တာ ဆွဲသွားချိန်မှာဖြစ်ခဲ့တာလို့ ထွက်ပြေးလွတ်မြောက်လာသူတွေက ပြောဆိုထားပြီး တိုက်ပွဲဖြစ်ပွားတာ ဟုတ်၊ မဟုတ်ကို အောက်ခြေကို မေးမြန်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။ တပ်မတော်က ပြစ်မှုကျူးလွန်တာကို ဖုံးကွယ်ဖို့အတွက် AA အဖွဲ့က ပစ်ခတ်လို့ သေဆုံးတာလို့ စွပ်စွဲပြောဆိုတာဖြစ်ကြောင်း ခိုင်သုခက ပြောပါတယ်။
RFA က စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဒီနေ့အထိ ထိခိုက်ဒဏ်ရာရသူ ၆၅၇ ယောက် နဲ့ သေဆုံးသူ ၂၉၇ ယောက်အထိ ရှိနေပါတယ်။