ကော့ကရိတ်မှာ ဒရုန်းနဲ့ ဗုံးချလို့ အရပ်သား နှစ်ဦး ဒဏ်ရာရ

RFA Burmese
2023.10.08
ကော့ကရိတ်မှာ ဒရုန်းနဲ့ ဗုံးချလို့ အရပ်သား နှစ်ဦး ဒဏ်ရာရ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းတစ်နေရာကို တွေ့ရစဉ်။
Karen Information Center -KIC

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၂) ရပ်ကွက်မှာ အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဒရုန်းဗုံးချတိုက်ခိုက်လို့ အသက်မပြည့်သေးတဲ့ ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အသက် ၁၀ နှစ်အရွယ် မောင်ဥက္ကာဖြိုးနဲ့ အသက် ၄၆ နှစ်အရွယ် ဦးအောင်ကိုလတ်တို့ ဒဏ်ရာရခဲ့တာပါ။

အမှတ် (၂) ရပ်ကွက် ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီကို လက်နက်ကိုင် ခုခံသူတွေက ဒရုန်းနဲ့ တိုက်ခိုက်တာမှာ လမ်းပေါ်က အရပ်သား နှစ်ဦးကို ထိခိုက်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒဏ်ရာရတဲ့အထဲက အမျိုးသားကိုတော့ အဲဒီကနေ့ကတည်းက ဆေးရုံပို့ထားလိုက်တယ်။ အမှတ် (၂) ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ စစ်ကောင်စီ တပ်စွဲထားတာရှိတယ်။ အဲဒီတပ်စခန်းကို တော်လှန်ရေး အဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲပြီး တိုက်ပုံရတယ်။ အဲဒီဗုံးက လိုရင်းမရောက်ဘဲ လမ်းမပေါ်မှာတင် ကျကွဲတော့ လမ်းသွားလမ်းလာ နှစ်ဦး ထိတာပါ"

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။

အောက်တိုဘာ ၃ ရက်ကတော့ ကော့ကရိတ်မြို့နယ် အံဖကြီးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ ပူးပေါင်းတပ်တွေအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။