ဖာပွန်ခရိုင်ထဲ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သား နှစ်ဦး သေဆုံး

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် မာထောအုပ်စု တဒွံခို့ကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာခံနှစ်ဦး သေဆုံးပြီး အသက် ၇ နှစ်အရွယ် ကလေးအပါ အဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ရဲ့ လက်ထောက်မန်နေဂျာ စောလေးကပေါ်က RFA ကို ပြောပါတယ်။
သေဆုံးသွားသူတွေဟာ အသက် ၅ဝ ကျော် အရွယ်အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦး ဖြစ်ပြီး လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အချိန် နေအိမ်ထဲကနေ ထွက်မပြေးနိုင်တာကြောင့် အသက်ဆုံးရှုံးသွားတာလို့ စောလေးကပေါ်က ပြောပါတယ်။ ဗုံးကြဲခံရတဲ့ ရွာပတ်ဝန်းကျင် မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ဖေဖော်ဝါရီ ၅ ရက်နေ့ မနက် ၁ နာရီလောက်မှာ ဗုံးကြဲခဲ့ တာလို့ သိရပါတယ်။
ဒီနေ့မနက် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လ ၂၇ ရက်နေ့ကစပြီး KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ထီးလောသီး ကျေးရွာကို နယ်ခြားစောင့်တပ် BGF က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခဲ့တာကြောင့် ၃ လသားအရွယ် ကလေးတစ်ဦး သေဆုံးခဲ့ရတယ်လို့ စောလေးကပေါ်က ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီနဲ့ BGF တို့အနေနဲ့ ဘာမှပြန်မတုံ့ပြန်နိုင်တဲ့ ကျေးရွာတွေကို တိုက်ခိုက်နေတာတွေ ရပ်တန့်သွားအောင် နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဖိအားပေးဖို့ လိုအပ်ပြီး အပေါ်ယံပြောဆိုနေတာတွေ မလုပ်ဖို့လိုတယ်လို့ စောလေးကပေါ်က ပြောပါတယ်။
ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ရဲ့ ကောက်ယူထားတဲ့ စာရင်းတွေ အရ KNU ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်အတွင်း စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာကြောင့် စစ်ဘေးရှောင် ၈ သောင်းကျော်ရှိနေပြီး ဒွယ်လိုးမြို့နယ်က ၅ သောင်းကျော် ရှိနေတယ်လို့ သိရပါတယ်။