ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သား နှစ်ဦး သေဆုံး

2022.10.21
ကော့ကရိတ်မှာ တိုက်ပွဲပြင်းထန်ပြီး အရပ်သား နှစ်ဦး သေဆုံး စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် ကော့ကရိတ်မြို့မှ အဆောက်အအုံတစ်ခုအား ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
Photo: Citizen Journalist

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ‌အောက်တိုဘာ ၂၁ ရက် ဒီနေ့ မနက် ၈ နာရီလောက် ကစလို့ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ KNLA၊ PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကျည် ထိမှန်တာကြောင့် အရပ်သား နှစ်ဦး သေဆုံး သွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

နှစ်ဘက်ပစ်ခတ်မှုတွေကြောင့် ၁၀ ယောက် ဒဏ်ရာရခဲ့ပြီး အဲဒီအထဲက နှစ်ဦး ဆေးရုံ အရောက်မှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

ဒီမနက် ၈ နာရီကစလို့ ကော့ကရိတ်မြို့ ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဒီနေ့ နေ့လည်ပိုင်းမှာ RFA ကို ပြောပါတယ်။

“ကျနော်တို့လည်း အခန်းထဲက မထွက်ရဲဘူး။ လက်ရှိ မြို့ပတ်ပတ်လည်မှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်။ လက်ရှိအချိန်အထိ ဖြစ်နေတုန်း။ ထိခိုက်ဒဏ်ရာရတဲ့ လူ ၁၀ ယောက်ကျော်ကို ဆေးရုံကိုပို့တယ်။ လေးစီး။ ဆေးရုံပို့တော့ ဆေးရုံရောက်တော့ နှစ်ယောက် ဆုံးတယ်။ သွားပို့တဲ့ လေးစီးစလုံး ဆေးရုံအပြင်ကို ပြန်ထွက်လို့ မရတော့ဘူး”

ထိခိုက်ဒဏ်ရာရသူ ၁၀ ယောက်စလုံးဟာ အရပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေ့ မွန်းလွဲ တစ်နာရီခန့်မှာတော့ ကော့ကရိတ်မြို့က ဌာနဆိုင်ရာရုံး အားလုံးကို KNU/KNLA ပူးပေါင်းတပ်တွေက စီးနင်းထားပြီး မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ခလရ ၉၇ ကို ဝင်တိုက်ဖို့ ပြင်နေတယ်လို့ ကိုယ်တိုင်တိုက်ပွဲဝင်နေတဲ့ KNU/KNLA တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကျနော်တို့ဘက် ထိုးစစ်ဆင်နေတာက ကော့ကရိတ်မြို့ရဲ့တောင်ဘက်နဲ့ မြောက်ဘက် ကနေ ထိုးစစ်ဆင်နေတာ။ မြို့ထဲက ထွေအုပ်ရုံး၊ ခရိုင်ရုံး၊ မြို့နယ်ရုံး၊ နတလရုံး၊ အိုးအိမ်ရုံး ရှိတယ်။ အကုန်ဝင်စီးထားပြီးပြီ။ ရက်ကွက် ၇ ပေါ့။ သူတို့နဲ့ ကပ်နေတာက ခလရ ၉၇ ပါ။ အခု အဲဒီကို ထိုးစစ်ဆင်ဖို့ လုပ်နေတယ်။ သူတို့ဘက်က မြို့ထဲမှာ အင်အားလည်း သိပ်မရှိဘူး"

ကော့ကရိတ်မြို့ရဲ့ သီးသန့်ရဲစခန်းထဲမှာရှိတဲ့ တရားရုံး အချုပ်ထောင်ကို KNU ဘက်က ဖွင့်ပေးလိုက်ပြီလို့လည်း သူက ပြောပါတယ်။ ဒီအခြေအနေတွေကြောင့် စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူ ခြောက်ကြိမ်၊ လေယာဉ် အစီး ၂၀ ခန့်အထိ လာရောက်ပစ်ခတ်နေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သီးခြား သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

တိုက်ပွဲတွေကြောင့် ရန်ကုန်ကနေ မြဝတီကိုသွားမယ့် ခရီးသည်တင်နဲ့ ကုန်တင်ကား ပေါင်းများစွာ ကော့ကရိတ်မြို့မှာ သုံးရက်ကြာ ပိတ်မိနေပြီး ခရီးသည် ၅၀၀ ခန့် လမ်းဘေး မှာ သောင်တင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခရီးသည်တစ်ဦးက RFA ကို ပြောပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

စစ်အာဏာသိမ်းမှုအလွန်ကနေ အခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၇,၇၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီအထဲမှာ ကရင်ပြည်နယ်က တိုက်ပွဲပေါင်း ၄,၃၈၃ ကြိမ်နဲ့ အများဆုံးဖြစ်တယ်လို့ သုတေသန အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူက မနေ့က သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။