ထားဝယ်က တက္ကသိုလ်ကျောင်းသူ နှစ်ဦး ထောင်ခုနစ်နှစ်စီ ချမှတ်ခံရ

2022.02.17
ထားဝယ်က တက္ကသိုလ်ကျောင်းသူ နှစ်ဦး ထောင်ခုနစ်နှစ်စီ ချမှတ်ခံရ ထောင်ခုနစ်နှစ်စီ ချမှတ်ခံရတဲ့ ထားဝယ်က တက္ကသိုလ်ကျောင်းသူ နှစ်ဦးကို တွေ့ရစဉ်
Photo: Citizen Journalist

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်၊ ဟိန္နားပြင်ရွာနဲ့ ဟိန္နားရွာက တက္ကသိုလ် ကျောင်းသူနှစ်ဦးကို ဖေဖော်ဝါရီလ ၁၆ ရက် မနေ့က ထားဝယ်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင် ခုနစ်နှစ်စီ အမိန့်ချလိုက်တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသား များ ကွန်ရက် တာဝန်ရှိသူတွေက ပြောပါတယ်။

ထောင်ချခံရသူတွေဟာ ထားဝယ်တက္ကသိုလ် အင်္ဂလိပ်စာ ပထမနှစ်ကျောင်းသူ မအိခြူးခြူး မော်နဲ့ နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) က ပထမနှစ် ကျောင်းသူ မလင်းလက်ကြည် တို့ဖြစ်တယ်လို့ ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန် ရက်ရဲ့ ပြန်ကြားရေး တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။

"သူ့မိသားစုတွေ ပြောကြားချက်အရတော့ သူတို့က စစ်ဘေးရှောင်တွေကို လှူတာ။ အဲဒီ အလှူခံတဲ့ တစ်ယောက်က အဖမ်းခံရတာလား မသိဘူးဗျ။ အဲကနေတစ်ဆင့်တစ်ဆင့် လိုက်လာပြီးတော့ သူတို့ကို လာဖမ်းတာပေါ့။ ပြီးတော့ သူတို့ကို အမိန့်ချတာကျတော့ PDF ထောက်ပံ့တယ် ဘာညာစွပ်စွဲပြီးတော့ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲအမိန့်ချတာ ပေါ့"

အဲဒီတက္ကသိုလ်ကျောင်းသူ နှစ်ဦးဟာ လူသားချင်းစာနာစိတ်နဲ့ စစ်ဘေးရှောင်တွေကို လှူတာဖြစ်ပြီး အခုလို မတရား ပုဒ်မတပ် ထောင်ချလိုက်တဲ့အတွက် ပြစ်တင်ရှုတ်ချ တယ်လို့ သူက ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးမှ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှာ ပြင်ဆင်လိုက်တဲ့ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေကို ပြင်ဆင်တဲ့ဥပဒေအရ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခံရတဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းတာ၊ လူမှုကွန်ရက်မှာ အလှူခံပို့စ် တင်တာ၊ စည်းရုံး သိမ်းသွင်းတာ၊ ဝါဒဖြန့်တာ စတာတွေ ထင်ရှားရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်ကနေ အများဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ထားဝယ် နိုင်ငံရေးအကျဉ်းသားများကွန်ရက်ရဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ စာရင်းအရ စစ် တပ်က အာဏာသိမ်းပြီး တစ်နှစ်တာကာလအတွင်း ထားဝယ်မြို့ ထောင်တွင်းတရားရုံး ကနေ ထောင်ချခံရတဲ့ အမျိုးသမီးအရေအတွက် ၂၆ ဦးအထိ ရှိနေပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။