ကုလားတန်မြစ်အတွင်း တိုက်ပွဲမှာ တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံး


2019.05.29
aa-soldiers-622.jpg ရက္ခိုင့်တပ်တော် AA ရဲ့ တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော် - သတင်းနှင့် ပြန်ကြားရေးဌာန

ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ မောင်နှမရွာနဲ့ ငဒက်ရွာကြား ကုလားတန်မြစ်အတွင်း သွားနေတဲ့ တပ်မတော်စစ်ကြောင်းက စက်လှေ လေးစီးကို ရက္ခိုင့်တပ်မတော် AA က ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တပ်မတော်အရာရှိ နှစ်ယောက် ကျဆုံးခဲ့သလို AA ဘက်ကလည်း တစ်ယောက် ကျဆုံးခဲ့တယ်လို့ နှစ်ဖက်ပြောခွင့်ရသူတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း တပ်မတော်ဘက်က အရာရှိနှစ်ယောက် ကျဆုံးခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို အတည်ပြုပြောပါတယ်။

"ပလက်ဝမှာဖြစ်တဲ့နေရာမှာတော့ အရာရှိနှစ်ယောက် ကျဆုံးတာရှိပါတယ်ဗျ၊ ပလက်ဝမြောက်ဘက်မှာ ဖြစ်ခဲ့တယ်၊ မြစ်ကူးနေတုန်းမှာ ကျွန်တော်တို့ ပစ်ခတ်ခံရတယ်၊ နောက်ပြီးတော့ ကုန်းပေါ်မှာလည်း တိုက်ပွဲဖြစ်ခဲ့တာရှိတယ်ဗျ၊ ဒီအတွက်ကြောင့် ဟိုဘက်ဒီဘက် အကျအဆုံးရှိတယ်လို့ ကျွန်တော်တို့ သိရပါတယ်၊ ကျွန်တော်နာမည်တော့ အတည်မပြုပေးနိုင်ဘူးဗျ၊ ကျွန်တော်တို့လည်း အရာရှိ နှစ်ဦး သေဆုံးတယ်ဆိုတာတော့ သိရပါတယ်ခင်ဗျ ဟုတ်"

မနက် ရှစ်နာရီကျော်လောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခံရတဲ့ တပ်မတော်စစ်ကြောင်းဟာ ခမရ ၂၁၈ က ဖြစ်တယ်လို့ သိရပါတယ်။

ရက္ခိုင့်တပ်မတော် AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက အခုလိုပြောပါတယ်။

"၂၆ ရက်နေ့မှာ ဒီမနက် ၈ နာရီ ၁၅ က စပြီးတော့ ပလက်ဝမြို့နယ် မောင်နှမရွာနဲ့ ငဒက်ရွာကြားမှာ ဖြစ်တာ၊ ဒီကုလားတန်မြစ်ထဲမှာပေါ့၊ အဲမှာ ဗမာစစ်တပ်ရဲ့ ခမရ ၂၁၈ ပေါ့နော်၊ အဲမှာ ဒီသူတို့စစ်ကြောင်းက ကုလားတန်မြစ်ကြောင်းထဲမှာ စက်လှေ လေးစီးနဲ့ တက်လာတာ အဲဒါ ကျွန်တော်တို့ဘက်ကနေပြီးတော့ ဒီလှုပ်ရှားစစ်ကြောင်းတွေကနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တာ၊ အဲ့ဒီမှာ ဗမာစစ်တပ်ဘက်က စက်လှေနှစ်စီးပေါ့နော် အဲ့တာ နှစ်စီးကိုလုံးဝချေမှုန်းနိုင်ခဲ့တယ်၊ အဲ့ဒီ ၂၆ ၂၆ ရက်နေ့မှာ မနက် ၈ နာရီ ၁၅ ကနေ ည ၈ နာရီလောက်အထိပေါ့နော် အဲဒီမှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်လိုက် ကြိုကြားကြိုကြားဖြစ်လိုက်နဲ့ အဲလိုမျိုး တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့တယ်ဗျ၊ အဲမှာကျွန်တော်တို့ ရက္ခိုင့်တပ်မတော်ဘက်ကတော့ ရဲဘော်တစ်ဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးခဲ့ရတာရှိတယ်၊ နောက်ပြီးတော့ ဒဏ်ရာရရှိတဲ့သူတချို့ ရှိခဲ့တယ်ဗျ"

အဲဒီတိုက်ပွဲအတွင်း AA ဘက်က တပ်သားတစ်ယောက်ကျဆုံးပြီး သုံးယောက်ခန့် ဒဏ်ရာရှိခဲ့တယ်လို့လည်း ခိုင်သုခက ပြောပါတယ်။

ဒီကနေ့ မေလ ၂၉ ရက်နေ့မှာလည်း ကြိုကြားကြိုကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အချက်အလက်တွေတော့ မသိရသေးဘူးလို့ ခိုင်သုခက ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်ကျဆုံးတဲ့ စာရင်းကိုတော့ တရားဝင် ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

အဲဒီတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုအပေါ် RFA ကပြုစုထားတဲ့စာရင်းအရ အရပ်သား ၄၉ ယောက်သေဆုံးပြီး ဒဏ်ရာရရှိသူ ၈၅ ယောက်ယောက်ရှိပြီဖြစ်ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။